Thursday, May 3, 2012

အလုပ်သမားအဖွဲ့အစည်းဥပဒေ၊ စိန်ခေါ်မှုနှင့် လိုအပ်ချက်


                  “အလုပ်သမားအဖွဲ့အစည်းဥပဒေ”ကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် - ၇ အဖြစ် (၂၀၁၁ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်နေ့တွင် နိုင်ငံတော်သမ္မတကလက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ သည်။ အဆိုပါဥပဒေပြဌာန်းရခြင်း၏ရည်ရွယ်ချက်များမှာ -

   • အလုပ်သမားများ၏အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ရန် (To protect the rights of workers)
   • အလုပ်သမားအချင်းချင်းအကြား၊ အလုပ်ရှင်နှင့်အလုပ်သမားအကြား ဆက်ဆံရေးကောင်းမွန်စေရန် (To have good relations among the workers or between the employer and the worker)
  • အလုပ်သမားအဖွဲ့အစည်းများကို စနစ်တကျနှင့်လွတ်လပ်စွာဖွဲ့စည်းဆောင်ရွက်နိုင်ရန် (To form and carry out the labor organizations systematically and independently)
စသည့်ရည်ရွယ်ချက်များဖြစ်ကြသည်။

   ဥပဒေတရပ်၏နောက်ဆက်တွဲ လိုအပ်ပါကနည်းဥပဒေများကိုပြဌာန်းရစမြဲဖြစ်သည်။ အထက်ပါ အလုပ်သမား ဥပဒေကို လက် တွေ့ကျင့်သုံးအကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင်လွယ်ကူစေနိုင်ရန်အတွက် “အလုပ်သမားအဖွဲ့အစည်းနည်းဥပဒေများ” အလုပ်သ မားဝန်ကြီးဌနက အမိန့်ကြော်ငြာစာအမှတ် - ၁/၂၀၁၂ အဖြစ်၊ ၂၀၁၂ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၉)ရက်နေ့တွင် ပြဌာန်းပေးလိုက်သည်။ ထို့ကြာင့်မြန်မာနိုင်ငံတွင် အလုပ်သမားအသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ရရန်အတွက် ဥပဒေများ တည်ရှိလာခဲ့ ပြီဖြစ်သည်။
            ဖေါ်ပြပါအလုပ်သမားအဖွဲ့အစည်းဥပဒေများတွင် လိုအပ်ချက်များ၊ ဥပဒေပိုင်းဆိုင်ရာအားနဲချက်များတည်ရှိကောင်းတည်ရှိနေ နိုင်မည်ဖြစ်ပါသည်။ ထိုသည်ကို ကျွန်တော့အနေဖြင့်အငြင်းမပွားလိုသေးပါ။ ဥပဒေတရပ်ကို ပြဌာန်းကြရာတွင် အဘက်ဘက်မှ လိုအပ်ချက်များရှိကောင်းရှိနိုင်ပါသည်။ လုံးဝဥဿုံ ပြည့်စုံကောင်းမွန်သည့်ဥပဒေတရပ်ကိုရရှိနိုင်ကောင်းမှ ရရှိနိုင်ပါလိမ့်မည်။ ကမ္ဘာပေါ်ရှိနိုင်ငံ တိုင်း၊ နိုင်ငံတိုင်းတွင် ပြဌာန်းကြသည့်အလုပ်သမားဥပဒေများလည်း အယူအဆအမျိုးမျိုးကွဲပြားခြားနား၊ ပုံသဏ္ဍာန် အမျိုးမျိုးဖြစ်လျက်ရှိ ကြပါသည်။
         အခြားတဖက်တွင် နိုင်ငံတကာစံချိန်စံညွှန်းများ၊ နိုင်ငံတကာအလုပ်သမားအခွင့်အရေး စံချိန်စံညွှန်း များ(Norms of International Labor Rights) နှင့် ချိန်ညှိဆောင်ရွက်၊ ပြဌာန်းကြရသည်လည်းရှိပါသည်။ အရေးအကြီးဆုံးသောအချက်မှာ၊ မြန်မာနိုင်ငံ အလုပ်သမားအများစု၏ ဥပဒေပါအခွင့်အရေးများကို လက်တွေ့အသုံးချ အကောင်အထည်ဖေါ်ဆောင်နိုင်သည့် အရည်အသွေးကို ထည့်သွင်း တွက်ချက်ကြရမည်ဖြစ်ပါသည်။ အသွင်ကူးပြောင်းစမြန်မာနိုင်ငံအတွက် အရေးအကြီးဆုံးအချက်မှာ ဥပဒေကိုမည်သည့် အတိုင်းအတာအထိ လက်တွေ့အသုံးချ အကောင်အထည်ဖေါ်ဆောင်နိုင်ကြသည် ဆိုခြင်းပင်ဖြစ်သည်။
     နိုင်ငံသားတိုင်း၊ နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီပေးအပ်ထားသည့်အခွင့်အရေးများကို လက်တွေ့အသုံးချအကောင်အ ထည်ဖေါ်ဆောင်နိုင်မှုမရှိပါက မည်သည့်ကောင်းမွန်သည့်အစိုးရပင်အုပ်ချုပ်သည်ဖြစ်စေ၊ အာဏာရှင်ဆန်သည့်ဘက်သို့ကူးပြောင်းသွား စေနိုင်သည်။ ထို့ကြောင့် “မိမိတို့နှင့်ထိုက်တန်သည့်အစိုးရကို မိမိတို့ရသည်” ဟုပြောစမှတ်တွင်ခဲ့ခြင်းပင်ဖြစ်သည်။
         လူတဦးတယောက်အား ဆင်ခြင်တုံတရားနှင့်အညီနေထိုင်ရန်အတွက် တင်းကြပ်သောနည်းလမ်းများ စဉ်းစားရခြင်းသည် ဥပဒေပြုသူတို့၏ ကြီးလေးသောတာဝန်ဝတ္တရားဖြစ်သည်။ ဥပဒေတရပ်သည် ကြမ်းတမ်းခက်ထန်သောပြုမူလုပ်ဆောင်ချက်များကို လူ့အဖွဲ့ အစည်းအတွင်းမှ နည်းနိုင်သမျှ နည်းရန် ဖယ်ထုတ်နိုင်မည့်နည်းလမ်းများကို စဉ်းစားရစမြဲဖြစ်သည်။ ထိုသည်မှာ တာဝန်နှင့်စပ်လျဉ်းသောကိုယ် ကျင့်တရားဥပဒေ များပေါ်ထွန်းစေခဲ့ခြင်း၏ အဓိကရေသောက်မြစ်ဖြစ်ခဲ့သည်။
     ဒုတိယကမ္ဘာစစ်နောက်ပိုင်း လူ့အခွင့်အရေးဆိုင်ရာ အယူအဆများကျယ်ပြန့်ထွန်းကားလာခဲ့သည်။ နိုင်ငံသားတို့၏အခွင့်အရေးများကို ဥပဒေအရကာကွယ်ပေးနိုင်ရန်မှာ လိုအပ်ချက်များဖြစ် လာခဲ့သည်။ ဆင်ခြင်တုံတရားနှင့်အညီနေထိုင်ရန်အတွက် တင်းကြပ်သောနည်းလမ်းများစဉ်းစားရခြင်းသည်ပင်လျှင် စိန်ခေါ်မှုတရပ်ဆိုလျှင် အခြားတဖက်တွင် ဥပဒေနှင့်အညီပေးထားသောအခွင့် အရေး များကို အများပြည်သူက လက်တွေ့ကျင့်သုံးရန်လုပ်ဆောင်နိုင်ကြ စေရန်အတွက် မည်သည့် နည်းလမ်းများကို စဉ်းစား လုပ်ဆောင်ကြပါမည်နည်း။
       ထိုမေးခွန်းသည် ယနေ့ကာလမြန်မာ့အလုပ်သမားများကြားတွင် ကြီးမားခက်ခဲသောမေးခွန်းတခုဖြစ်သည်ဟု ယူဆမိသည်။ နှစ်ပေါင်း(၅၀)ကျော် အခွင့်အရေးဟူသည့်စကားရပ်နှင့်ကင်းကွာနေကြသည့် …..၊ (၈၈)မှစတင်ကာ အသင်းအဖွဲ့ ဖွဲ့စည်းခြင်းကို ပြစ်မှုကျူး လွန်သည့် အသွင်သဏ္ဍာန်အဖြစ် ရှုမြင်ခဲ့ ကြသည့် မြန်မာ့အလုပ်သမားအများစုအတွက် ယနေ့ကာလတွင်ပေါ်ထွက်ခဲ့သော အလုပ်သမား အဖွဲ့ အစည်းဥပဒေကို အကောင်အထည်ဖေါ်နိုင်ရန်မှာ ကြီးမားသောစိန်ခေါ်မှုတရပ်ဖြစ်လျက်ရှိသည်။ အလုပ် သမားတို့၏ နစ်နာမှုအရပ်ရပ်ကို နှစ်နှစ်ကာကာ သက်ဝင်ယုံကြည်ကုစားပေးချင်ကြသော အလုပ်သမား အရေးလှုပ်ရှားသူတို့အတွက်လည်း သိမ်မွေ့ခက်ခဲသော စိန်ခေါ်မှု တရပ်  ဖြစ်လျက်ရှိသည်။  အောက်ပါအချက်များသည် လိုအပ်ချက်များဖြစ်သည်ဟု ရှုမြင်မိပါသည်။

§ (က) အလုပ်သမားအဖွဲ့အစည်းဥပဒေပြဌာန်းလိုက်သည်ကို အလုပ်သမားအများစုမသိရှိခြင်း 
 အလုပ်သမားအများစုမသိရှိကြခြင်းမှာအမှန်ပင်ဖြစ်သည်။ မြန်မာ့ပြည်သူအများစုသည် ပြဌာန်းသည့် ဥပဒေများကို ကိုယ်နှင့်မဆိုင်သလိုနေခဲ့ကြသည့် ဓလေ့စရိုက်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ အလုပ်သမားအဖွဲ့အစည်းဥပဒေ ပြဌာန်းလိုက်သည်ကို မသိရှိခြင်း၏နောက်ဆက်တွဲမှာ အလုပ်သမားအသင်းအဖွဲ့ ဖွဲ့စည်းရမည်ကို ယနေ့ထက်တိုင်အောင်ကြောက်ရွံ့စိတ်ဖြစ်ပေါ်နေခြင်းပင်ဖြစ် သည်။
§ (ခ) အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့်အညီမည်ကဲ့သို့ဖွဲ့စည်းရမည်ကိုမသိရှိခြင်း
တချို့အလုပ်သမားများအနေဖြင့် အလုပ်သမားဥပဒေကို လေ့လာမိကြသောအလုပ်သမားများအနေဖြင့် အလုပ်သမားအဖွဲ့ အစည်းဖွဲ့စည်းရန် စိတ်ဆန္ဒရှိ ကြသည်မှန်သော်လည်း၊ ဥပဒေနှင့်အညီ မည်သည့်နည်းလမ်းများဖြင့် ဖွဲ့စည်းရမည်ကိုမသိရှိကြခြင်းပင်ဖြစ်သည်။ အလုပ်သမားများအနေဖြင့် အလုပ်သမားဝန်ကြီးဌာနလက်အောက်ခံ မြို့နယ်အလုပ်သမားဦးစီးအရာရှိရုံးများသို့ အ၀င် အထွက် အသွားအလာနည်းပါးခဲ့ခြင်းကြောင့် အစိုးရရုံးဌာနများနှင့် အလုပ်လုပ်ဆောင်ရန်အတွက် စိုးရိမ်စိတ်များ   ဖြစ်လျက်ရှိကြသည်။

  အထက်ဖေါ်ပြပါတို့အရ အလုပ်သမားအသင်းအဖွဲ့ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ အလုပ်သမားအသင်းအဖွဲ့ဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း မြန်မာနိုင်ငံရှိ စက်ရုံအလုပ်ရုံများ၊ အလုပ်သမားများအကြားတွင် ကျယ်ကျယ်ပြန့်ပြန့်အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ကြရ မည်ဖြစ်သည်။ ပညာပေးလုပ်ငန်းဟူသည် သဘောတရားကို ရှင်းလင်းဆွေးနွေးခြင်းသာဖြစ်သည်။ သဘောတရား နှင့်ထပ်တူလက်တွေ့လုပ်ဆောင်နိုင်ကြရန်အတွက်လည်း လုပ်ထုံးလုပ်ငန်းအဆင့်ဆင့်ကို ကူညီလမ်းပြပေးရန်လိုအပ်ပေသည်။ အထက်ဖော်ပြပါတို့ထက် ဆိုးရွားလွန်းသည့်အချက်ကိုအောက်တွင်ဖေါ်ပြပါမည်။

§ (ဂ) အလုပ်သမားအခွင့်အရေးလှုပ်ရှားသူတို့လိုအပ်ချက်
   အလုပ်သမားအခွင့်အရေးလှုပ်ရှားသူတို့ကိုယ်တိုင် အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့်စပ်လျဉ်း၍ သေချာဂဏပိုင်နိုင်စွာလေ့ လာမထားကြခြင်းပင်ဖြစ်သည်။ အလုပ်သမားအဖွဲ့အစည်းဖွဲ့စည်းရန်အတွက် လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို မသိရှိနားမလည်ကြခြင်းပင်ဖြစ်သည်။ အလုပ်သမား အခွင့်အရေးများကို အလွတ်ကျက်မှတ် အလုပ်သမားများရှေ့တွင် ရေရွတ်ပြောဆိုနေနိုင်လောက်ရုံကလွဲ၍ မည်ကဲ့သို့ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းရမည်။ မည်သည့်လုပ်ထုံးလုပ်နည်းများကို ဖြတ်သန်းရမည် စသည်အားဖြင့် နည်းပေးလမ်းပြလောက်ကိုပင်မလုပ်ဆောင်နိုင်ခြင်း၏ နောက်ပိုင်း လိုက်ပါ ကူညီဆာင်ရွက်ပေးမည်ဆိုသည်မှာ မည်သို့မှဖြစ်နိုင်ချေ မရှိတော့ပေ။ နောက်ဆက်တွဲ၌ အလုပ်သမား အခွင့်အရေးလှုပ်ရှားသူများကို အလုပ်သမားများကိုယ်တိုင်က စိတ်ပျက်လက်ပျက်ဖြစ်သွားကြခြင်းပင်ဖြစ်သည်။ ထိုအချက်ကို အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများကိုယ်တိုင် ကောင်းစွာသတိချပ်သင့်ပါသည်။

§ (ဃ) အလုပ်ရှင်များ
   အလုပ်ရှင်များအနေဖြင့်လည်း အလုပ်သမားအသင်းအဖွဲ့များဖွဲ့စည်းသောအလုပ်သမားများကို ဥပဒေနှင့်အညီ ဖွဲ့စည်းခြင်းဖြစ်၍ အပြုသဘောဆောင်သည့် ပြုမူဆက်ဆံမှုမျိုး၊ အားပေးကူညီမှုမျိုး ပြုလုပ်သင့်ပေသည်။ အလုပ်ရှင်နှင့်အလုပ်သမားဟူသည် နေ့စဉ်နှင့်အမျှ ထိတွေ့ဆက်ဆံနေကြရသူများဖြစ်ပါသည်။ ဟာင်းနွမ်းဆွေးမြေ့ အသိတရားချို့တဲ့ခဲ့သည့် လွန်လေပြီးသော ရာစုနှစ်ပေါင်းများစွာက အလုပ်ရှင်နှင့်အလုပ်သမားအကြား ရန်သူသဖွယ်ရှုမြင်ခဲ့ခြင်း၊ ဆင်းရဲမွဲတေမှုနှင့် ဖိနှိပ်ခံလူတန်းစားအဖြစ် အမြဲတစေထားရှိရမည်ဆိုသည့် အစဉ်အလာအယူအဆ အမြင်များ ကို ပြုပြင်ထိန်းကြောင်း၍ မေတ္တာတရားဖြင့် ယဉ်ကျေးမှု အယူအဆတရပ်ကို တည်ဆောက်ကြရမည့် အချိန်အခါဖြစ်ပါသည်။

   အလုပ်သမားအဖွဲ့အစည်းများဖွဲ့စည်းရန် ဥပဒေကြောင်းအရ အကူအညီတောင်းခံလာသည့်အခါ ကျွန်တော်နှင့်အတူ လုပ်ဖော်ကိုင်ဖက်များအနေဖြင့် ပွင့်လင်းရိုးသားစွာ အကူအညီပေးခဲ့မိကြသည်။ ကျွန်တော်တို့၏ အကူအညီပေးမှုကြောင့် မှတ်ပုံတင်ရရှိသည့် အလုပ်သမားအသင်းအဖွဲ့ လည်း မြန်မာနိုင်ငံတွင်အထင်အရှားရှိလာပြီဖြစ်သည်။ နောက်ထပ် နောက်ထပ်လည်း မှတ်ပုံတင်ရရှိသည့် အသင်းအဖွဲ့များ ပေါ်ပေါက်လာလိမ့်အုံးမည်ဖြစ်သည်။ အလုပ်သမားအသင်းအဖွဲ့များ၊ အလုပ်သမားများနှင့် လိုက်လံတွေ့ဆုံရာတွင် အောက်ပါလိုအပ်ချက်များကို သိရှိလာရသည်။
  
    (က) ခေတ်ကာလကုန်ဈေးနှုန်းအပေါ်မူတည်၍ အခြေခံလုပ်ခလစာများကို ဥပဒေ(သို့မဟုတ်)အမိန့် (သို့မဟုတ်) ညွှန်ကြားချက်တစုံတရာ သတ်မှတ်ပေးရန်လိုအပ်ခြင်း။ အခြားတဖက်တွင် နိုင်ငံတကာ အခြေခံလုပ်ခလစာ စံသတ်မှတ်ချက်နှင့် ချိန်ညှိရန်လိုအပ် ခြင်း။
         (ခ) လုပ်ငန်းခွင်စည်းကမ်းများကို လိုအပ်သည်ထက်ပိုမိုတင်းကြပ်ထားခြင်း။
   (ဂ) အလုပ်ချိန် အတိအကျသတ်မှတ်ချက် မရှိခြင်း။ တနေ့(၈)နာရီအလုပ်ဆင်းချိန် သတ်မှတ် ထား သော်လည်း အလုပ်သမားအများစုမှာ တနေ့(၈)နာရီထက်ပိုမိုစွာ အလုပ်ဆင်းနေရခြင်း။
        (ဃ) အချိန်ပိုလုပ်ခလစာကိုအပြည့်အ၀မပေးခြင်း။
   (င) အစိုးရရုံးပိတ်ရက်များကို အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားသော်လည်း၊ အမှန်ကတယ် အလုပ်ပိတ်မပေးခြင်း။ တချို့ အလုပ်သမားများသည် နိုင်ငံတကာအလုပ်သမားနေ့ မေလ (၁) ရက်နေ့တွင်ပင်အလုပ်ဆင်းကြရသည်။
   (စ) အစိုးရရုံးပိတ်ရက်များကို အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားပါက အလုပ်ပိတ်ရက်တွင် လုပ်ငန်းလိုအပ်ချက်အရ အလုပ်ဆင်းရသူတို့ကို အချိန်ပိုလုပ်ခလစာအဖြစ် သတ်မှတ်ပေးရန် လိုအပ်ခြင်း။

     အထက်ဖေါ်ပြပါတို့သည် အခြေခံလိုအပ်ချက်များ ဖြစ်လျက်ရှိသည်။ ထို့ထက်ပိုမိုသည်တို့ ရှိသော်လည်း   ဖေါ်ပြပါအခြေခံအချက်များကိုပင် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် တင်းတင်းကြပ်ကြပ် အကောင် အထည်  ဖေါ်ပေးနိုင်ရန်မှာ မျက်မှောက်ကာလ အလုပ်သမားများအတွက် အရေးတကြီးလိုအပ်ချက်များ ပင်ဖြစ်သည်။

  စိတ်ဝင်စားစရာကောင်းသည်မှာ ဆိပ်ကမ်း ကုန်တင်ကုန်ချအလုပ်သမားများပင် ဖြစ်သည်။ ဆိပ်ကမ်း ကုန်တင်ကုန်ချအလုပ်သမားများသည် လုပ်ငန်းသဘောသဘာဝထူးခြားသည့်အတွက် ဆိပ်ကမ်း အာဏာပိုင်၏ အုပ်ချုပ်မှုအောက်တွင် ရှိသောအလုပ်သမားများဖြစ်သည်။ ကုန်တင်ကုန်ချအလေးချိန်ကို ၃၃ ပိဿာသတ်မှတ်ထားသည်။ ၃၃ ပိဿာထက်ပိုမိုသောကုန်ချိန်ကိုထမ်းရမည်ဆိုပါက ကုန်သည်ထံမှ လုပ်အားခကြိုက်ဈေးတောင်းခွင့်ရှိသည်။ ထိုသည်မှာ ဥပဒေသတ်မှတ်ချက် ဖြစ်သည်။ သို့ရာတွင် လက်တွေ့ဘ၀ ဆိပ်ကမ်းကုန်တင်ကုန်ချ အလုပ်သမားတို့အနေဖြင့် ၃၃ ပိဿာထက်ပိုမိုသော ကုန်ချိန်ကို နေ့စဉ်ရက်ဆက် အတင်အချပြုလုပ်နေကြရသည်။ ထိုသို့ထမ်းရသည့် အတွက် ကုန်းဘောင်ပေါ်မှ ခြေချော်ပြုတ်ကျ အသက်ပေးလိုက်ရသည့် အလုပ်သမားများလည်းရှိခဲ့သည်။ ၃၃ ပိဿာထက်ကျော်လွန်သည့် ကုန်ချိန်ကိုထမ်းကြရသော်လည်း ဆိပ်ကမ်းကုန်တင်ကုန်ချအလုပ်သမားများ ကြိုက်ဈေးတောင်းယူခွင့်ကို ငြင်းပယ်ခံနေရဆဲဖြစ်သည်။ ထိုသို့ဖြစ်နေပါသော်လည်း ဆိပ်ကမ်းအာဏာပိုင် များက ဆိပ်ကမ်းကုန်တင်ကုန်ချအလုပ်သမားများ၏ အခွင့်အရေးကိုအကာအကွယ်ပေးနိုင်မှုမှာ ယနေ့အချိန်အထိတိုင်အောင် အားနည်းနေဆဲပင်ဖြစ်ပါကြောင်း -

စောကျော်ကျော်မင်း
(၂.၅.၂၀၁၂)

No comments:

Post a Comment