Friday, May 24, 2013

စွန် လွှတ်သူ



            စွန် လွှတ်တမ်းဆော့ဖူးကြလား မသိဘူးနော်။ တစ်ချို့ကတော့ လေတံခွန် လွှတ်တာတဲ့။ ဘယ်လိုပဲခေါ်ခေါ် လေကိုဆန်တက်နိုင်တဲ့ အရာဝတ္ထု တစ်ခုကို သူ့အရွယ်အစားနဲ့ ဟန်ချက်ညီမယ့် ကြိုးနဲ့ တွဲထားပြီး၊ အဲဒီကြိုးကို လေအဟုန်မှာ မြင့်နိုင်သမျှမြင့်အောင် ဟန်ချက်ညီညီ ထိန်းပေးတဲ့ မြေပြင်က လူနဲ့ လေထုထဲကို ဆန်တက်သွားတဲ့ အရာဝတ္ထု တစ်ခုတို့ရဲ့ ဆက်သွယ်မှု ကစားနည်းလို့ပဲ အစ်ကိုနဲ့ သူ့ သူငယ်ချင်းတွေပြောတဲ့ စကားမှတဆင့်  ကျွန်မနားလည်ခဲ့ရဖူးပါတယ်။ ကျွန်မသိခဲ့တဲ့ စွန် လွှတ်သူ အမျိုးအစားတွေကတော့ -  
စွန်လွှတ်သူ - (၁)            လေ ရဲ့ တွန်းပင့်မှုတွေ ရှိနေတဲ့အချိန်မှာ စွန် လွှတ်သူရဲ့ စိတ်ဓါတ်ခွန်အားတွေ အားလုံးကို စွန် ကလေးဆီမှာ နှစ်မြုပ်ထားပြီး မြင့်သထက် မြင့်အောင်လုပ်ရတာကို သဘောကျလို့။

စွန်လွှတ်သူ - (၂)            စွန် ကို မြင့်နိုင်သလောက်မြင့်အောင် ပျံသန်းခိုင်းပြီး အချိန်တန်ရင် ပြန်လာရမယ် ဆိုတဲ့ သဘာဝကို သဘောကျလို့။
စွန်လွှတ်သူ - (၃)            စွန် လွှတ်တဲ့အချိန်မှာ တိုးလိုက် လျော့လိုက် လုပ်ရာတာကို ကြိုက်ပြီး၊ စိတ်ကို တည်တည်ငြိမ်ငြိမ်နဲ့ လိုသလို ထိန်းကျောင်းခွင့်ရလို့။
စွန်လွှတ်သူ - (၄)            သူများဆီက အနိုင်ရတဲ့ စွန် ပုံစံအမျိုးမျိုးထဲက ကိုယ်ကြိုက်ရာ တစ်ခုကို အသုံးပြုပြီး ကျန်တာတွေကို သိမ်းထားရတာကို  ပိုသဘောကျလို့။
စွန်လွှတ်သူ -
ကျွန်မ ငယ်ငယ်တုန်းက နွေကျောင်းပိတ်ရက်တွေဆိုရင် ကစားနည်းမျိုးစုံကို ကစားရတာ  သဘောကျသလို အစ်ကိုတွေနဲ့ စွန်လွှတ်တမ်း ကစားရတာကို ပျော်ခဲ့ပါတယ်။ အဲဒီအချိန်ကတော့ စွန် မထိန်းနိုင်သေးလို့ စွန်ကို အပ်ချည်လုံးနဲ့တွဲပြီး ပတ်ပြေးတာကို သဘောကျခဲ့တယ်။ အစ်ကိုတွေက စွန်လွှတ်ရင် သူတို့ စွန် တွေကို သူများတွေ ဖြတ်ချတာ မကြိုက်သလို၊ သူများ စွန် တွေကိုလည်း ဘယ်တော့မှ ဖြတ်ချတာ မျိုးမလုပ်ကြပါဘူး။ အဲဒီတုန်းက အစ်ကို့သူငယ်ချင်း တစ်ချို့တွေက စွန်ဖြတ်တမ်း ကို နိုင်တဲ့သူက ရှုံးတဲ့သူရဲ့ စွန်ကိုယူကြေး ပြိုင်ကြတာ တွေ့ရပါတယ်။
သူတို့တွေထဲမှာ စွန် ဖြတ်နိုင်တဲ့ သူတွေက အောင်မြင်မှုအတွက် ပျော်ရွှင်နေကြသလိုရှိပေမယ့် နောက်တစ်ကြိမ် သူတို့ စွန် ပြန်ဖြတ်ခံရမှာကို စိုးရိမ်စိတ်တွေ ဖြစ်နေကြတာကို တွေ့ရသလို၊ ဖြတ်ချခံလိုက်ရတဲ့သူတွေထဲမှာတော့ တစ်ချို့က မကျေမနပ် ဖြစ်နေကြပြီး၊ တစ်ချို့ကျတော့ မပျော်ရွှင်ကြဘူး၊ တစ်ချို့ကျတော့ အေးဆေး အလှည့်ကျ မနွဲ့စတမ်း ဆိုတာမျိုး ပြောကြတယ်။ အဲဒီတုန်းက နောက်ဆုံးတစ်အုပ်စုရဲ့ စိတ်ဓါတ်ကို သဘောကျခဲ့တယ်။ အမှန်ဆို သူတို့တွေအချင်းချင်း သဘောတူပြီး ပြိုင်ခဲ့ကြတာ ဆိုတော့ ဘယ်လိုအဖြေပဲရရ ပျော်ရွှင်နေရမှာလေနော်။ ကျွန်မ တွေးမိတာက သူတို့ကျေနပ်လို့ ကစားခဲ့ကြတာပဲလေ၊ လက်ခံရမှာပေါ့လို့။ တွေးမိတဲ့အတိုင်း အစ်ကို တွေကိုပြောပြတော့ အစ်ကိုတွေက ညီမလေး က ငယ်သေးတယ် တဖြည်းဖြည်းကြီးလာရင် သိလိမ့်မယ်တဲ့။
ကျွန်မ အလယ်တန်း (၅) တန်း ကျောင်းမတက်ခင်နွေရာသီရဲ့ ညနေစောင်းတွေမှာ အစ်ကို အငယ်ဆုံးနဲ့ စွန် လွတ်ဖို့ ကျောင်းဘောလုံးကွင်းကို လိုက်သွားတယ်။ စွန် ကို ကောင်းကောင်း မထိန်းနိုင်သေးပေမယ့် ကိုယ်လွှတ်တဲ့စွန်လေး အမြင့်ရောက်လေ ပျော်လေ ဖြစ်နေတဲ့ ခံစားချက်ကို တစ်အားကြိုက်ခဲ့တယ်။ နွေကျောင်းပိတ်ရက်မှာ တစ်ပတ်မှာ တစ်ရက်လောက် ကိုယ်တိုင် စွန် မလွှတ်ရရင်တောင် သူများတွေ ကောင်းကောင်းမွန်မွန် စွန် လွှတ်တာကို ထိုင်ကြည့်ရတာကို ကျေနပ်နေတာ။ ဘောလုံးကွင်းဘေးက သစ်ပင်အောက်မှာ ရပ်ထားတဲ့ အစ်ကို့ရဲ့ စက်ဘီးဘေးမှာထိုင်ပြီး ကြည့်ရတဲ့အရသာက ကိုယ်တိုင် စွန် လွှတ်နေရသလိုပဲ။
(အစ်ကိုကတော့ သူ့ညီမကို သိပ်မခေါ်ချင်ဘူး။ အစ်ကိုအငယ်ဆုံးနဲ့ ကျွန်မက (၈) နှစ်တောင် ကွာတာ ဆိုတော့ သိတယ်မဟုတ်လား သူက လူပျိုဖြစ်နေပြီလေ။ ကျွန်မကလည်း ကျွန်မပဲ အစ်မတွေနောက် ဆိုရင်သာ မလိုက်တာ အစ်ကိုတွေနောက်ဆို တစ်ကောက်ကောက်ပဲ။ တစ်ခါတစ်လေလေး လိုက်ရဖို့ကို မျက်နှာချိုသွေးရတာ။ ကျွန်မကို အစ်ကိုက မခေါ်ချင်ခဲ့တာကို လုံးဝ လုံးဝ မပြောပြဘူးနော်။ မဖတ်လိုက်ရဘူး မဟုတ်လား။ ဖတ်မိတဲ့သူတွေ တစ်နေ့ အစ်ကိုတွေနဲ့တွေ့ရင် ပြန်မပြောရဘူးနော်)
            တစ်ရက်မှာ ကျွန်မကို ထူးထူးဆန်းဆန်း အစ်ကိုက စွန် တစ်ခု ချိုးပေးတယ်။ သူများတွေ ဘယ်လိုသုံးလဲတော့ မသိဘူးနော်။ ကျွန်မတို့ဆီမှာတော့ စွန် တစ်ခု ကိုယ်တိုင်လုပ်တယ်ဆို စွန် ချိုးတယ် လို့ ခေါ်တယ်။ အစ်ကိုလုပ်ပေးတဲ့ စွန်က နှင်းဆီပလတ်စတစ်အိတ်နဲ့လုပ်ထားတဲ့ ရိုးရိုးလေးထောင့်စွန် လေးပါ။ ကျန်သေးတယ် ဘေးနဲ့ အောက်မှာ အမြီးလေးပါ တပ်ထားပေးသေးတယ်။ ဟဲဟဲ အဲ့စွန်လေးလုပ်ဖို့ အစ်ကို တော်တော်ချွေးပြန်သွားတယ်။ ၀ယ်လာသမျှ အိတ်လေးလုံးအပြောင်ပဲ။ အဲဒီတုန်းက ပလပ်စတစ် အိတ်တွေထဲမှာဆို နှင်းဆီပန်းပုံနဲ့ ပလတ်စတစ်အိတ်က အကြီးဆုံးပဲလေ။ (၄) လုံးကို ငါးကျပ်ပေးရတယ်။ ဟို ကျန်ကျောင်းအိတ် ဆိုတာက ကိုယ်တွေဆီမှာ အဲဒီနောက်မှ ပေါ်တာ။ အစ်ကိုကတော့ ပြောပါတယ်။ လှတော့ မလှဘူးဟ တဲ့။ အစ်ကို ကိုယ်တိုင် လုပ်ပေးထားတဲ့ စွန်ဆိုတော့ လှတာ မလှတာ မသိဘူး။ တစ်အားကို သဘောကျခဲ့တာ။ အပ်ချည်ပါ တွဲထားပေးတော့ လွှတ်လို့ကလည်းရနေတာကိုး။
သူ့မှာကတော့ ရစ်ဘီးနဲ့ နိုင်လွန်ကြိုးနဲ့ စွန်လှလှလေး တစ်ခုရှိတယ်။ အဲ့တုန်းက သူ့ စွန် က တော်တော်ဈေးကြီးတယ် ပြောရမယ်။ အဲဒီနေ့မနက်စောစော အစ်ကိုက ကျွန်မကို စိတ်လိုလက်ရ စက်ဘီးနောက်ခုံပေါ် တက်ထိုင်ခိုင်းပြီး  အခု မြစ်ကြီးနားမြို့ ဟင်္သာစတိုးနဲ့ လမ်းတစ်ဖက်ခြမ်း ထောင့်ဘက်က ဆိုင်ခန်းကျဉ်းလေး (ခုတော့ အဲဒီနေရာက ဆိုင်ခန်းကျယ်တစ်ခုဖြစ်နေပြီး စတိုးဆိုင်တစ်ခု ဖွင့်ထားတာ (၂၀၁၂) မနှစ်က နောက်ဆုံး တွေ့ခဲ့တယ်) မှာ သွားပြီး သူကြိုက်တဲ့ ပုံစံနဲ့ ပလတ်စတစ် အမျိုးအစားရွေးပြီး စွန် ချိုးခိုင်းခဲ့တာ၊ အကောင်တစ်ကောင်ပုံဆိုတာပဲ သိတယ်။ ကြည့်လို့လှတယ်၊ ဘာအကောင်မှန်း မသိဘူး။ ငွေကျပ် (၄၀) တိတိ ပေးရတယ်။ ရစ်ဘီးနဲ့ ကြိုးပါ အပါဆို ငွေကျပ် (၁၀၀) ဖိုး လောက်ရှိမယ်။ အဲဒါကိုတော့ ကောင်းကောင်းမသိဘူး။ သူက တစ်ခုချင်းစီ ၀ယ်စုထားတာဆိုတော့လေ။ သူတော်တော်ကို စုခဲ့ရမှာ။ အဲ့တုန်းက ကျွန်မတို့ မောင်နှမတွေကို ကျောင်းတက်ရက်ဆို အဖေက တစ်ရက် မုန့်ဖိုး (၅) ကျပ် ဆိုတာ အများဆုံးပေးတာ။ ဒါတောင် တစ်ခါတစ်လေ မရဘူး။ မောင်နှမတွေ တူတာတစ်ခုက စုဘူး ထားတာ။ အဖေရော အမေပါ ၀န်ထမ်းလစာပဲ ဆိုတော့ မုန့်ဖိုးတော့ ဘယ်မှန်အောင် ပေးနိုင်မလဲနော့်။ ကိုကိုဆို ပို ဆိုး။ တစ်ခါတစ်လေ အဖေနဲ့အမေ မပေးတာကြာရင်  သူ့ မုန့်ဖိုးစုထားတာကို ညီမတွေကို မုန့်ဖိုး ပြန်ပေးတာ။ သူများတွေတော့ ရယ်ကြမလားမသိဘူး။ အဲ့ပိုက်ဆံတွေက အပြင်ရောက်သွားတာ သုံးပုံတစ်ပုံဆိုတာ အလွန်ဆုံးပဲ၊ တစ်ယောက် တစ်လှည့်စီ ပြန်ပေးရင်း ကိုယ့်အိမ်ထဲမှာပဲ လည်နေတာက ပိုများတယ်။
            ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ ပျော်နေတာလေ။ စွန် ရတော့ ကျွန်မက
ကိုကို င့ါကို စွန်ထိန်းပေး၊ ငါ လွှတ်ချင်လို့
ဆိုပြီးပြောတော့ အစ်ကိုက စစချင်းလွှတ်လို့ရအောင် ထိန်းပေးခဲ့ပါတယ်။ တစ်အားကိုပျော်ခဲ့တာ ကိုယ်လွှတ်တဲ့ စွန်လေးက မြင့်သထက် မြင့်လာလေ ပျော်လေ အိမ်ရဲ့ခေါင်မိုးကိုကျော်ပြီး အမြင့်ကြီးကို တက်သွားလိုက်တာ တော်တော်ဝေးဝေးထိကို မြင့်သွားချိန် လေက ထန်လာတော့ မထိန်းနိုင်တော့ဘူး။ တော်သေးတာပေါ၊့ အစ်ကိုက ဘေးကနေ ထိန်းကူပေးလို့ အဲဒီနေ့က ကျွန်မ စွန်လေး လေနဲ့အတူ ပါမသွားတာ။
(ကိုကို လည်း ခေါ်သေး၊ မင်း (တစ်ခါတစ်လေ နင်) နဲ့ ငါ သုံးလို့ ရိုင်းတယ်တော့ မထင်ကြပါနဲ့၊ ကျွန်မတို့ဆီမှာက အဲဒါက ပုံမှန်ခေါ်နေကြလေ၊ တိုင်းရင်းသားတွေကိုး နော့်)
အဲဒီနေ့က ညစာ ထမင်းစားပြီး၊ မိသားစု စကားပြောတဲ့ဝိုင်းမှာ စကားအများဆုံးက ကျွန်မပေါ့။ မှတ်မှတ်ရရ အဲဒီနေ့က ပြောဖြစ်ခဲ့တာက စွန်လွတ်ရတာ ပျော်ဖို့ကောင်းတယ်။ ကိုယ်လွှတ်လိုက်တဲ့ စွန်ကလေးက မြင့်သထက်မြင့်သွားတာ ကျေနပ်စရာကောင်းတယ်။ မျက်စိရော၊ လက်ရော၊ စိတ်ရော ညောင်းပေမယ့် ပျော်တယ်လို့ ပြောလည်းပြောရော၊ အဖေက စိတ်က ညောင်းတာ မဟုတ်ပါဘူး၊ ပင်ပမ်းတယ်လို့ သုံးရတယ်၊ အဲဒါက စိတ်အာရုံစူးစိုက်မှု တစ်ခုလေ။ ဒါပေမယ့် သမီးပျော်ခဲ့တယ် မဟုတ်လား ဆိုပြီး ပြန်မေးခဲ့တော့၊ ကျွန်မ . . . ဘာဖြေလိုက်တယ် ထင်လဲ။
            ပျော်တယ် ဒါပေမယ့် လေတစ်အားတိုက်လို့ စွန်လေး ပြတ်သွားမှာကို တစ်အားကြောက်ခဲ့တယ်။ ပြတ်သွားရင် လိုက်ရှာရမှာ။ ရှာမတွေ့ရင် အိပ်ပျော်မှာ မဟုတ်ဘူးလို့။ အဖေက ကျွန်မကို အကြာကြီး ကြည့်ပြီး သမီးအစ်ကို က ပြန်လုပ်ပေးမှာပေါ့ တဲ့။ အစ်ကိုက နင်ကလည်း ဒီနေ့ စွန်ချိုးတာ ၀ါးတွေ ကျန်ပါသေးတယ်၊ ပြတ်သွားရင် ငါ ပြန်လုပ်ပေးမှာပေါ့ တဲ့။ ကျွန်မက အဲဒါက အသစ်လေ ပထမဆုံးတစ်ခုမှ မဟုတ်တာလို့။ ကဲ . . .  ဟုတ်ဘူးလားနော့်။ အဲတော့ အားလုံးက ၀ိုင်းပြီး ထောမနာ ပေးကြပါလေရော လူ့ဂွစာ တဲ့။ ကောင်းရော . . . မှန်တာ ပြောတာကိုနော့။
(ကျွန်မကို တစ်အိမ်လုံးက တညီတညွှတ်တည်း သတ်မှတ်ထားတာက လူ့ဂွစာ တဲ့၊ အကြောင်းအရာ တစ်ခုချင်းစီအလိုက် သူတို့ သတ်မှတ်ထားတဲ့ နာမည်တွေ တော်တော်များတယ် အခုက ဒီတစ်ခုနဲ့ ညီညွှတ်နေလို့ ဒီတစ်ခုကို  ပြောပြတာ။ ပြီးတော့ ကြွားရဦးမယ်၊ အဖေက ကျွန်မတို့အတွက် အကောင်းဆုံး မြန်မာ - အင်္ဂလိပ် - ကချင် (၆) မျိုး - ရှမ်း (၅) မျိုး  အဘိဓါန်ကြီး - တစ်ခါတစ်လေ တရုတ်ပါ ပါလိုက်သေး ။ ကျွန်မတို့ မောင်နှမတစ်တွေ တစ်ယောက်မှ ခုထိ အဖေ့ ခြေဖျားမပြောနဲ့ အရိပ်တောင် မမှီသေးဘူး။ ကျွန်မဆို ဘယ်နားမှာ ပျောက်နေမှန်းကို မသိတာ ဟဲဟဲ၊ လျှောက်မပြောရဘူးနော် အားလုံးသိကုန်မယ်)
အဲဒီနှစ်မှာပဲ အဖေက ကချင်ပြည်နယ်၊ ပူတာအိုမြို့ကို တာဝန်နဲ့ပြောင်းရပါလေရော။ (၆) တန်း မတက်ခင် နွေရာသီမှာ အဖေ့ဆီကို လိုက်နေဖြစ်တယ်။ အဲဒီမှာ ကျွန်မတို့ရောက်သွားတဲ့အချိန်က ဆောင်းရာသီကုန်ကာနီး ဖေဖော်ဝါရီလလယ် ဆိုပေမယ့် နေရောင်ရတဲ့ အချိန်က နည်းတယ်။ မနက်ဆို (၁၀) နာရီလောက်မှာ နေရောင်ကို နှင်းမြူထုတွေကြားမှာ ရေးရေးလေး မြင်ရတယ်။ ကျွန်မက နေမင်း ခြေထောက်ဆင်းတယ်ဆိုပြီး နာမည်ပေးခဲ့တယ်။ နေ့ခင်း (၂) နာရီလောက်ဆို နေမင်းက ခြေထောက်သိမ်းဖို့ ပြင်ရော။ အဲဒီအချိန်လေးမှာ ရုံးရှေ့က ၀ရန်တာမှာ ထိုင်ခုံချ လက်ရန်းကို မေးတင်ပြီး ဟိုးအဝေးက ရေခဲတောင်တွေကို လှမ်းကြည့်ရတာ တစ်အားကို အရသာရှိခဲ့တာ။ အဖေက ရုံးမှာပဲနေတာ၊ ရုံးက လေယာဉ်ကွင်းနားလေးမှာပဲ၊ ရုံးအနီးတ၀ိုက်က အဲဒီအချိန်တုန်းက ကွင်းပြင်ကျယ်ကြီး (ခုတော့ မသိတော့ဘူး။ မရောက်တာကြာသွားပြီ) ကျွန်မအတွက် အကြိုက်ပေါ့။
(၃) နာရီလောက်လဲကျရော ကျွန်မက စွန်လွှတ်ဖို့ပြင်ပြီ။ ဒါပေမယ့် ပထမဆုံးအကြိမ်မှာပဲ ကြာကြာ မလွှတ်လိုက်ရဘူး။ (၄) နာရီလောက်ကျတော့ လေက တရကြမ်းကို တိုက်ပါလေရော။ အဖေကတော့ ကြိုပြောပါတယ်။ လေတစ်အား တိုက်လာလိမ့်မယ်တဲ့။ ဒါပေမယ့် သိတယ်ဟုတ် အရှိန်ကရနေတော့ မေ့သွားတယ်။ ပြန်သိမ်းနေတဲ့အချိန်မှာပဲ ကျွန်မ စွန်လေးလည်း ပြတ်သွားတယ်။ လွင့်သွားတဲ့ဘက်ကို လိုက်ပေမယ့် လေကပြင်းလွန်းတော့ စွန် က ဘယ်လိုမှ ပြန်မကျတော့ဘူး။ စွန်လေး လွင့်သွားလိုက်တာ မျက်စိထဲကနေပျောက်သွားတဲ့ အထိ လိုက်ငေးမိတုန်း။ ၀မ်းနည်းသွားပေမယ့် သူများဖြတ်လို့မဟုတ်ဘူး၊ ကျွန်မရဲ့ပေါ့လျော့မှုကြောင့် သူ ခရီးတစ်ခုကိုထွက်ဖို့ ပြင်တာဆိုပြီး ဖြေလိုက်ရတာ။
အဖေက အသစ်တစ်ခု ၀ယ်ပေးမယ်ပြောပေမယ့်၊ အဲဒီနေ့ နောက်ပိုင်းမှာတော့ ကျွန်မ စွန် မလွှတ် ဖြစ်တာ ခုချိန်ထိ။ ကျွန်မ စွန် လွှတ်သူ လုပ်တဲ့ သက်တမ်းက သိပ်မကြာခဲ့ပါဘူး။ ဒါပေမယ့် စွန်ကို ကောင်းစွာ လွှတ်တင်နေတဲ့သူတွေကိုတော့ ခုထိ သဘောကျနေတုန်း။ စွန် ဖြတ်တဲ့သူတွေနဲ့ စွန်လွှတ်တဲ့သူတွေရဲ့ ခံစားချက်ကို အရင်က ဘယ်လိုမှန်း သေချာမသိခဲ့ဘူး။ စွန် ပြတ်ပြီးနောက်ပိုင်း အစ်ကိုတွေပြောတဲ့ ဆိုလိုရင်းကို နားလည်သွားပြီး၊ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် စွန် လွှတ်ရတာဟာ ကျွန်မအတွက်တော့ ပြတ်လို့မရတဲ့ သံယောဇဉ် ဆက်သွယ်မှုတစ်ခု ဆိုတာကို ခုချိန်မှာ ပိုပြီး သဘောပေါက်လာတယ်။
ပြန်မလာနိုင်တော့ဘူးဆိုတာ သိနေခဲ့ပေမယ့်  အဲဒီ စွန်ကလေး ကမ္ဘာမြေရဲ့ တစ်နေရာမှာ ရှိနေမယ်ဆိုတဲ့ အသိက ရောက်တဲ့နေရာမှာ လိုက်ရှာဖြစ်စေတယ်။ တစ်နေ့နေ့မှာတော့ စွန်လေး ကို  ပြန်တွေ့ကောင်းပါရဲ့။ အချိန်တန်ရင် စွန်လေး ပျက်စီးသွားမယ်ဆိုတာ သိပေမယ့်၊ တစ်စုံတစ်ယောက်က တွေ့ရှိပြီး စွန်ကလေးကို လွှတ်တင်နိုင်ပါစေ။ အဲလိုမဟုတ်ခဲ့ရင်လည်း အချိန်မတန်ပဲ ကျွန်မရဲ့ စွန် လေး အများကြီး  ဆွေးမြည့် ပျက်စီးသွားတာမျိုးမဖြစ် ပါစေနဲ့လို့ ဆုတောင်းရင်း . . .

ဒါကို စွန် လွှတ်သူ အမျိုးအစား (၅) လို့ပဲ ပြောရမလား . . .???

ကျန်းမာကြပါစေရှင်

မုန်းသူမေ

ပြီးဆုံးချိန် - မြန်မာစံတော်ချိန် သန်းခေါင်ကျော် နံနက် (၁၂) နာရီ (၂၀) မိနစ်
၂၀၁၃ - ခုနှစ်၊ မေ - လ၊ ၂၅ - ရက်
စနေနေ့

P.S - စာရေးပျင်းတဲ့ ကျွန်မကို စာရေးခိုင်းတဲ့ တစ်စုံတစ်ယောက်ရယ်၊  စွန် လွှတ်ချင်လို့ တစ်မနက်လုံး မိုးရွာနေတာ ရပ်စေဖို့ မျှော်လင့်ခဲ့ပြီး၊ နေ့လည် (၂) နာရီလောက်မှာ နေရောင်ခြည်တွေ့ရလို့ ပျော်နေတဲ့၊ ခုလက်ရှိ ကျွန်မနေနေတဲ့ အိမ်က အမွှာ ညီအစ်မ Quek Chun Jun နဲ့ Quek Zhi Jun ကို ကျေးဇူးတင်ပါတယ်။

1 comment:

  1. စာတွေကဖတ်မရဖြစ်နေတယ်

    ReplyDelete