လူနာ(၁) ကဗျာပိုးဦးနှောက်ထဲဝင်ခြင်း
ဟေ့လူ ထ ထ ခေါ်မကြားအော်မကြားနဲ့ ကဗျာတောထဲမှာ ဘာ(ကဗျာ)မှန်း ညာ(ကဗျာ)မှန်းမသိဘဲ ဒီလောက် တောင်ပေတေပြီးနေခဲ့ရသလား ကြည့်စမ်း ကဗျာပူမိနေတာများ ခြစ်ခြစ်ကိုတောက်လို့ မျက်လုံးတွေလည်းကဗျာ နေတာပဲ တစ်ကိုယ်လုံးလည်းကဗျာနေတာပဲ အလို ခင်ဗျားမသိဘဲထွက်ကျလာတဲ့ မျက်လုံးထဲကအရည်တချို့ တောင်မှကဗျာလို့ပါလား ခင်ဗျားဗျာ ဒီလောက်ဖြစ်နေတာတောင်မှ ကဗျာစပ်ဆေးလေး
ဘာလေးဝယ်သောက်ဖို့ သတိမရဘူးလား ကဗျာအင်န်ဂျီအိုတွေနဲ့ရော ဆက်သွယ်ဖို့မကြိုးစားခဲ့ဘူးလား အခုတော့ ခင်ဗျားမိသားစု ကဗျာ ယာခတ်နေတာတောင်မှ ခင်ဗျားထမကြည့်နိုင်တော့ဘူးမဟုတ်လား အဲဒါ ကဗျာနဲ့ထွင်းရမယ့်ကိစ္စ ကဗျာနဲ့မထွင်းခဲ့ လို့ပဲ ထ ထ ဟေ့လူ ကဗျာအောက်စီဂျင်တွေရှူပါဦး ရှိုက်ပါဦး ကဗျာစကားတွေပြောပါဦး ဆိုပါဦး ကဗျာအပေါ့အပါး လေးဘာလေးသွားပါဦး ခင်ဗျားထမလာမချင်း ကျုပ်ကတော့ ခင်ဗျားနံရိုးတွေကျိုးထွက်သွားတဲ့အထိ လှုပ်နှိုးနေဦး မှာပဲ အဲဒီ ခုတင်ကြီးပေါ်မှာ ကဗျာပိုက်တန်းလန်းနဲ့ မလှုပ်မယှက်အိပ်(ချင်ယောင်ဆောင်)မနေနဲ့
လူနာ(၂) ကဗျာကိုယ်ခံအားကျဆင်းမှုဗိုင်းရပ်စ် ပေါ့စတစ်
မသင်္ကာလို့စစ်ကြည့်လိုက်တာ ထင်တဲ့အတိုင်းပဲ ခင်ဗျားသွေးထဲမှာ ကဗျာကိုယ်ခံအားကျဆင်းတဲ့ဗိုင်းရပ်စ်ပိုး ရှိနေပြီ ဘယ်လိုဖြစ်တာလဲ အကာအကွယ်မသုံးဘဲ ကဗျာအပျော်အပါးလိုက်စားခဲ့လို့လား မသန့်ရှင်းတဲ့ကဗျာတွေကို သွေး ကြောထဲထိုးသွင်းခဲ့လို့လား အကြောင်းတစ်ခုခုကြောင့် ကဗျာသွင်းကုသခဲ့ဖူးသလား ဘာအကြောင်းကြောင့်ပဲဖြစ် ဖြစ်ပါဗျာ ခင်ဗျားစိတ်ဓာတ်ကျမသွားပါနဲ့ ဒါ (အရင်တုန်းကလို) ကုရာနတ္ထိကဗျာမရှိတဲ့ကိစ္စမဟုတ်တော့ပါဘူး ကဗျာ သိရင်ကဗျာရှိပါတယ် ART ဆိုတာကို ခင်ဗျားကြားဖူးသလား ခင်ဗျားမှာလိုအပ်နေတာ အဲဒါပဲ နေ့စဉ်အချိန်မှန်မှန် သုံးစွဲပေးပါ ခင်ဗျားခန္ဓာကိုယ်ထဲက ကဗျာခုခံအားကျဆင်းမှုဗိုင်းရပ်စ်ပိုးတွေ ဆက်ပြီးမပြန့်ပွားလာအောင် ART က တားဆီးပေးလိမ့်မယ် အရေးကြီးတာက ကဗျာကိုယ်ခံအားကျဆင်းနေချိန်မှာ အခွင့်ကောင်းယူပြီးထကြွသောင်း ကျန်းတတ်တဲ့ ကဗျာပိုးမွှားတွေကိုသတိလစ်မသွားဖို့ပဲ အရေးကြီးတာက ART နဲ့ ခင်ဗျား ဓာတ်တည့်သွားဖို့ပဲ မဟုတ်ရင်တော့ ဗိုင်းရပ်စ်ကြောက်လို့ ART ကိုးကာမှ ART ဗိုင်းရပ်စ်ထက်ဆိုးဖြစ်သွားလိမ့်မယ် ကဗျာကိုယ်ခံအား ကျဆင်းနေပေမယ့် ART အစွမ်းနဲ့ ခင်ဗျား ပုံမှန်အတိုင်းသက်တမ်းစေ့နေထိုင်သွားနိုင်ပါလိမ့်မယ် ART ဟာ ခင်ဗျား ရဲ့မျှော်လင့်ချက် ခင်ဗျားရဲ့နတ်ဘုရား ခင်ဗျားအတွက်ပြန်လည်မွေးဖွားလာတဲ့ကဗျာ
လူနာ(၃) ကဗျာအတက်ခ်
လုပ်ကြပါဦး မျက်လုံးကြီးအပေါ်လန်နေပြီ လုပ်ကြပါဦး ခြေလက်တွေ တဆတ်ဆတ်တုန်ခါနေပြီ လုပ်ကြပါဦး ပါးစပ် ထဲကအမြှုပ်တွေထွက်နေပြီ လုပ်ကြပါဦး ကဗျာအတက်ခ်ခ်ခ်ခ်ခ်ရနေပြီ ဝိုင်းမချုပ်ထားနဲ့ ဘေးဖယ်ဘေးဖယ် ဝိုင်းအုံ ကြည့်မနေကြနဲ့ လေဝင်လေထွက်ကောင်းအောင် ဘေးဖယ်ဘေးဖယ် ကဗျာပက်လက်မထားနဲ့ ကဗျာမှောက်ခုံ မထားနဲ့ ကဗျာတစ်ခြမ်းစောင်းထား ကဗျာမကိုက်မိစေနဲ့ ကဗျာကိုလိမ်မချိုးနဲ့ အတက်ခ်အကျဆေးမြန်မြန်ထိုး
လူနာ(၄) ကဗျာလျှောကဗျာပျက်/ကဗျာဖောကဗျာရောင်
တွေ့ကရာကဗျာတွေကို မဆင်မခြင်မစားသုံးပါနဲ့ဆိုတာ ပြောလို့ကိုမရဘူး အခု ခင်ဗျား ကဗျာအထက်လန်ကဗျာ အောက်လျှောဖြစ်နေပြီမဟုတ်လား စိတ်မပူပါနဲ့ ကျွန်တော်ကဗျာဆရာဝန်တစ်ယောက်ပါ ကဗျာဆေးဘူးကြီးတွေ တစ်လုံးပြီးတစ်လုံးသွင်းလိုက်ရင် သက်သာလာပါလိမ့်မယ် ဒါပေမယ့် ခင်ဗျားကိုယ်တိုင်လည်း ပါးစပ်ကနေ ကဗျာ ဓာတ်ဆားဖျော်ရည်တွေ သောက်နိုင်သလောက်သောက်ပေးပါ အဝင်နည်းနည်းဆိုးပေမယ့် တကယ်ထိရောက်ပါ တယ် ကဗျာအော့အန်ပျောက်ဆေးလည်း ထိုးပေးထားပြီးပါပြီ လောလောဆယ် ကဗျာပိတ်ဆေးမသောက်နဲ့ဦး ခင်ဗျားခန္ဓာကိုယ်ထဲက ကဗျာအဆိပ်အတောက်ကင်းစင်သွားတဲ့အထိ ကဗျာတွေဆက်ပြီးစီးဆင်းသွားပါစေဦး ကံ ကောင်းတာတစ်ခုက ခင်ဗျားရောဂါ ကဗျာကာလဝမ်းရောဂါမဟုတ်လို့ပဲ နောက်နောင်ကဗျာတွေအသုံးမပြုခင် ခင်ဗျားလက်ကိုစင်အောင်ဆေးပါ
လူနာ(၅) ကဗျာသွေးတိုး
အား ကဗျာသွေးတွေနင်းကန်ဆောင့်တက်နေပါလား ကဗျာသွေးတိုးစမ်းသပ်ကိရိယာကြီးတောင် ပေါက်ထွက်တော့ မယ် အဲသလောက်တောင် ကဗျာအစားအသောက်/အနေအထိုင် ပက်စက်ရသလား ကဗျာသွေးက နားထင်နှစ်ဖက် မှာတဒိတ်ဒိတ်နဲ့ ဟာ အဲဒီလို ဒိုင်းခနဲပြန်ကျအောင်လုပ်လို့ဘယ်ဖြစ်ပါ့မလဲ အခန့်မသင့်ရင် ကဗျာဖြတ်/ဖြန်းပြီး ခြေ တွေလက်တွေ လှုပ်လို့မရဘဲဖြစ်သွားမယ် ဖြည်းဖြည်းချင်းပဲပြန်ချတာကောင်းတယ် ရော့ ကဗျာသွေးထိန်းဆေးတစ် လုံး သောက်ထားလိုက် စောင့်ကြည့်နေရမယ့်အချိန်မှာ ဘာမှပြောလို့မရသေးဘူး ဒါမျိုးက ကဗျာလေ့ကျင့်ခန်းမှန် မှန်လုပ် ကဗျာသွေးထိန်းဆေးမှန်မှန်သောက် ကဗျာသွေးပေါင်မှန်မှန်ချိန်ပေးနိုင်မှ
လူနာ(၆) ကဗျာအင်ဂျူရီ
ဘယ်နှစ်ထပ်အမြင့်ကပြုတ်ကျလာတာလဲ ခြေချော်ကျတာလား တမင်တကာခုန်ချတာလား ကဗျာသတိလစ်သွား သေးလား ကဗျာသွေးတွေ (မျက်စိ/နား/နှာခေါင်း/ပါးစပ်ထဲက) ထွက်ကျလာသေးလား ကဗျာဦးနှောက်ကိုက်သေး လား ကဗျာတွေထိုးထိုးပြီးအန်သေးလား ကဗျာအမြင်တွေဝေဝါးနေသေးလား ကဗျာပြင်ပလက္ခဏာ ဘာမှမဖြစ်ဘူး ဆိုပေမယ့် ကဗျာအတွင်းဒဏ်ရသွားနိုင်တယ် ကဗျာကျိုးကြေသွားနိုင်တယ် စိတ်ချရအောင် ကဗျာဓာတ်မှန်/မမှန် ရိုက်ကြည့်ဖို့လိုမယ် ဒါနဲ့ အဲဒီလောက်ကဗျာအမြင့်ကြီးထိရောက်အောင် အမြင့်ကဗျာကြောက်တတ်တဲ့ ခင်ဗျားတစ် ယောက်တည်း ဘာကြောင့်/ဘယ်လိုတက်သွားခဲ့တာလဲ
လူနာ(၇) ကဗျာကင်ဆာ - နောက်ဆုံးအဆင့်
မရတော့ဘူး ကင်ဆာဆဲလ်တွေတစ်ကိုယ်လုံးပြန့်နေပြီ ဒီအခြေအနေရောက်မှတော့ ဘယ်နိုင်ငံကဘယ်ကဗျာအမျိုး အစားနဲ့ပဲ (တစ်စိတ်တစ်ပိုင်းဖြစ်စေ အားလုံးဖြစ်စေ) အစားထိုးကုသကုသ မရတော့ဘူး
လူနာ(၈) ကဗျာကစဥ့်ကလျား
တစ် နှစ် သုံး လေး ငါး ခြောက် ခွန် ရှစ် ကိုး တစ် သုည ဟား ဟား တစ် နှစ် သုံး လေး ငါး ခြောက် ခွန် ရှစ် ကိုး တစ် သုည တစ် ဟား ဟား နှစ် သုံး လေး ငါး ခြောက် ခွန် ရှစ် ကိုး တစ် သုည တစ် နှစ် သုံး လေး ငါး ခြောက် ခွန် ရှစ် ကိုး တစ် သုည တစ် နှစ် သုံး လေး ငါး ခြောက် ခွန် ရှစ် ကိုး တစ် သုည တစ် နှစ် သုံး လေး ဟား ဟား ငါး ခြောက် ခွန် ရှစ် ကိုး တစ် သုည တစ် နှစ် သုံး ဟား ဟား လေး ငါး ခြောက် ခွန် ရှစ် ကိုး တစ် သုည တစ် နှစ် သုံး လေး ငါး ခြောက် ခွန် ရှစ် ကိုး တစ် သုည တစ် နှစ် သုံး လေး ငါး ခြောက် ခွန် ရှစ် ကိုး တစ် သုည ဟား ဟား ဟား
လူနာ(၉) ကဗျာဆူဆိုဒ်
ကဗျာ+ဘရိတ်ဓား
ကဗျာ+ကြိုးကွင်း
ကဗျာ+အိပ်ဆေး
ကဗျာ+ရေ
ကဗျာ+အမြင့်
ကဗျာ+မီးရထားသံလမ်း
ကဗျာ+ဓာတ်ဆီ+မီးခြစ်
ကဗျာ+လျှပ်စစ်
ကဗျာ+မော်တော်ကား
ကဗျာ+သေနတ်
ကဗျာ+ဂက်စ်
ကဗျာ+အဆိပ်
ကဗျာ+ကဗျာ
လင်းဇင်ယော်
၂၀၁၂၊ ဧပြီ။
by Lynn Zinyaw on Thursday, May 17, 2012 at 5:52pm ·
No comments:
Post a Comment