Sunday, May 6, 2012

အငိုလွယ် အရှိုက်ခက်သော ကိုယ်ပိုင်ကျောင်းဥပဒေ


     ၂ဝ၁ဝ နှစ်ဆန်းပိုင်းအချိန်လောက်ဖြစ်မယ်ထင်တယ် ပညာရေးလောကမှာ သတင်းတစ်ခုစတင်ထွက်လာပါတယ်။ အဲဒါကတော့ ပြင်ပမှာသင်ကြားနေတဲ့ ကျူရှင်တွေ ကိုယ်ပိုင်ကျောင်း
 ထောင်ခွင့်ပေးတော့မယ်တဲ့ဆိုတဲ့အကြောင်းပါ။

     ဒီကိစ္စနှင့်ပတ်သက်လို့ ကိုယ်ပိုင်ကျောင်းထူထောင်မယ့်သူတွေက စိတ်ဝင်တစားနဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူအသီးသီးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တစ်စုံတစ်ရာ အဖြေမပေးနိုင်ခဲ့ပါဘူး။

   ဒီလိုနဲ့ ကျောင်းဖွင့်ခါနီးအချိန်ရောက်တော့ ကိုယ်ပိုင်ကျောင်း ဖွင့်ခွင့်လိုင်စင်ကို ပညာရေးဝန်ကြီးဌာနမဟုတ်တဲ့ အဲဒီအချိန်က ဒေသဆိုင်ရာအာဏာပိုင်တွေဆီ လျှောက်ထားရမယ်ဆိုလို့ နီးစပ်သူတစ်ချို့ လက်သိပ်ထိုးလျှောက်လိုက်ကြတာ
ရတဲ့သူရ၊ မရတဲ့သူမရနဲ့ပေါ့၊ ဖွင့်လှစ်ခွင့် ရတဲ့သူတွေကလည်း လက်မတစ်ထောင်ထောင်နဲ့ ပိုယ်ပိုင်ကျောင်း ဆိုင်းဘုတ်တွေ ဘာတွေတင်ပြီး ဖွင့်ပွဲတွေဘာတွေလုပ်လို့ပေါ့။ အဲဒီအချိန်ကြမှ ပညာရေးဝန်ကြီးဌာနက ဒီကိစ္စတွေကိုသူတို့မသိရပါဘူး . . . သူတို့ခွင့်ပြုချက်လည်းပေးမထားပါဘူးဆိုပြီးပြောတဲ့အခါကြမှ ဆိုင်းဘုတ်တွေပြန်ဖြုတ်ချကြရတယ်။

   ကိုယ်ပိုင်ကျောင်းဖွင့်လှစ်ခွင့်ပြုရေးဟာ စကတည်းက ဒီလိုအရှုပ်နဲ့စခဲ့ကြတာ။ ဒီကိုယ်ပိုင်ကျောင်းဆိုတာကို သဲသဲလှုပ်ခဲ့ကြတာကလည်း . . . ဒီသက်ဆိုင်ရာ အာဏာပိုင်တွနဲ့ ငွေကြေးချောင်လည်သူတစ်ချို့ က မိမိတို့သားသမီးများကို သူများထက် ထူးချွန်စေချင်တော့ ပြင်ပနာမည်ကြီးကျူရှင်တွေ၊ ဘော်ဒါတွေ၊ သီးသန့်ဝိုင်းတွေမှာ ထားကြတယ်၊ ဒီတော့ ကျူရှင်ဆရာများကလည်းသူတို့ကိုယ်သူတို့အမွန်းတင်ချင်တော့၊ ကျောင်းကဆရာ၊ဆရာမတွေက ဘာမှလည်းမတတ်၊ ကောင်းကောင်းလည်းမသင်၊ စေတနာလည်းမရှိ၊  သူတို့သင်မှဘဲ ကျောင်းသား၊
ကျောင်းသူတတ်တော့ မယောင်ယောင်ပြောဆိုခဲ့ကြတယ်။

 ပြီးတော့ကိုယ်တာဝန်ယူသင်နေရတဲ့ကလေးအခြေအနေမကောင်းတဲ့အခါကြတော့၊့ ကလေးကအမှတ်
နည်းမှာပေါ့၊ တစ်နေကုန်နားမှမနားရဘဲ၊ ကျောင်းပြီးကျူရှင်၊ ကျူရှင်ပြီးကျောင်း ပြေးလွှားနေရတာ၊ ဒီဘာမှမဟုတ်တဲ့အစိုးရကျောင်းတက်နေရတာ အချိန်ကုန်တယ်၊ပင်ပမ်းတယ် . .  ကိုင်ပိုင်ကျောင်းသာဖွင့်လှစ်ခွင်ရပြီး မိမိတို့စိတ်ကိုကြိုက်သာကိုင်တွယ်ခွင့်ရရင် အားလုံးထူးချွန်တဲ့ ကလေးတွေချည်းဖြစ်လာမှာဆိုပြီး . .  အာဏာရှိသူတွေထံ နားပေါက်အောင်ပြောဆိုခဲ့ကြတယ်။ တာဝန်ရှိသူတွေကလည်း မိမိတို့ ကလေးတွေအတွက်ကရှိသေးတော့ ဟုတ်နိုးနိုး ယုံကြည်ခဲ့ကြတယ်။ တစ်ကယ်တမ်း ကျောင်းကဆရာတွေ၊ဆရာမတွေ ခဗျာပညာရေးနဲ့မပတ်သက်တဲ့ တာဝန်တွေ အမျိုးမျိုးကြားထဲက ကြိုးစားပမ်းစား သင်လား မသင်လားဆိုတာကို မိဘများသိသိကြီးနဲ့ မျက်ကွယ်ပြုခဲ့ကြတယ်။

   ပြင်ပမှ ကျူရှင်ဆရာများကလည်း ဆရာ၊ဆရာမများကို တိုက်ခိုက်ခဲ့ကြတယ်။ အတန်းတွင်းမှာတော့
 ကောင်းကောင်းမသင်ဘူး၊ အိမ်မှာတော့ကောင်းကောင်းသင်တယ်စသည်ဖြင့်ပေါ့ . . ။ ဒါကို သိသိကြီးနဲ့ယုံပြီးအစိုးရကျောင်းများမှ ဆရာဆရာမများကို နှိမ်ချခဲ့ကြတယ်။ ကိုယ့်အတန်းထဲကကလေးကိုယ်ကျူရှင်ပြန်ပြတယ်ဆိုတာကလည်း မိဘတွေကစပြီးကိုယ်သားသမီးကိုယ် သူများထက်ထူးချွန်စေချင်လို့၊ ဌင်ပေါ်ချင်လို့ စတင်ဖန်တီးခဲ့ကြတာပါ။

အရိုးသားဆုံးပြောရရင် (Demand) ရှိလို့ (Supply) ရှိလာရတာပါ။ ဒါကလည်း အခြေခံပညာဦးစီးဌာနမှာရှိတဲ့ ကျောင်းပေါင်းသောင်းချီရှိတဲ့ထဲမှာမှ ဆယ်ဂဏန်း၊ ဆရာ၊ဆရာမဦးရေ သိန်းချီရှိသည်မှရာဂဏန်းမပြည့်ခဲ့ပါဘူး။ ဖြစ်ပွားမှုအများစုကြည့်ကြမယ်ဆိုရင်လည်း မြို့ ပေါ်မှာရှိတဲ့
 ကျောင်းအများစုပါ။ အဓိကတော့ ရန်ကုန်နဲ့မန္တလေးပါ။ မြန်မာပြည်အနှံ့အပြားမှာ အိပ်စိုက်စာသင်ပေးနေတဲ့ ဆရာ၊ဆရာမများစုရဲ့ မျက်နှာကိုမှမထောက်၊ သင်ကြားရေးဆရာ၊ဆရာမမပြည့်စုံလို့ တစ်ယောက်တည်းဘာသာစုံသင်နေရ ၊ လခနည်းပါးစွာဖြင့် တိုင်းပြည်ရဲ့အကြီးမားဆုံးသောတာဝန်ဖြစ်တဲ့ပညာရေးမှာဘဝနစ်မြုပ်ထားကြတဲ့ဆရာဆရာမတွေကို  မိဘတွေတင်မကဘူး မီဒီယာတွေကပါ ရေနစ်သူဝါးကူထိုးကြတယ်။

    ဒီနေ့ ဆရာ၊ ဆရာမများမကောင်းပြောနေတဲ့သူတွေလည်း မိမိတို့ကိုပညာရရှိအောင် ဒီဆရာ၊ဆရာမတွေကဘဲ သင်ကြားပေးခဲ့တယ်ဆိုတာ မမေ့သင့်ဘူး။ ထားပါတော့ ကိုယ်ပိုင်ကျောင်းအကြောင်း ဆက်ရအောင်၊ ဒီလိုနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ပညာရေးဝန်ကြီးဌာန ဘယ်လိုညှိလိုက်ကြတယ်ဆိုတာတော့မသိဘူး၊ အခြေခံပညာက ညွှန်ချုပ်၊ တိုင်းပညာရေးမှုးတွေက အာဏာပိုင်တွေ စာရင်းပေးတဲ့ ကျောင်းတွေကိုသွားရောက်စစ်ဆေးစေပြီး၊ ဆက်လက်တင်ပြစေကာ အာဏာပိုင်တွေမှ စမ်းသပ်ဖွင့်လှစ်ခွင့်ပြုသည်ဆိုပြီး ကျောင်းအချို့ကို စတင်ဖွင့်လှစ်ခွင့်ပြုခဲ့ပါတယ်။ ဒီလိုဖွင့်လှစ်ခွင့်ပြုအောင်လည်း အခြေခံပညာမှ တာဝန်ရှိသူတွေကို သိန်း(၅ဝဝ)အထိ ပေးခဲ့ကြရတယ်
ဆိုတာကို အဲဒီ အချိန်တုန်းက ပညာရေးဒုတိယဝန်ကြီးအဖြစ်တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးချုပ်အောင်မျိုးမင်းက  (Voice) ဂျာနယ်မှာ ပစ်တိုင်းထောင်ဆိုတဲ့ကလောင်အမည်နဲ့ ဖော်ထုတ်ဝန်ခံ ရေသားခဲ့ပါတယ်။

           ပြောရရင်တော့ ပညာရေးမှ ထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ ကျူရှင်ဆရာများ အကျိုးတူပူးပေါင်း
ဆာင်ရွက်ခဲ့ကြခြင်းပါ။ ပညာရေးကတာဝန်ရှိသူများကလည်း ကိုယ့်တပ်ကိုယ် စိစိညက်ညက်နင်းချေ၊ နှိမ်ချအပြစ်တွေဖို့ပြီး ကိုယ်ပိုင်ကျောင်းထောင်မဲ့သူတွေကို ဖူးဖူးမှုတ်ခဲ့ကြတာပါ။ ဒါပေမဲ့ အသိတရားရှိတဲ့ ဆရာကြီး၊ဆရာမကြီးများရဲ့ အသိတရားကြောင့်၊ ဒီကိုယ်ပိုင်ကျောင်းတွေကို၊ တန်းတင်တန်းချ၊ စာမေးပွဲစစ်ခွင့် မေးခွန်းထုတ်ခွင့်၊ ခွင့်မပြုခဲ့ပါဘူး။ ပြီးကျောင်းသားမှတ်ပုံတင်ကိုလည်း အနီးစပ်ဆုံး အထက်တန်းကျောင်း တစ်ကျောင်းမှာ မှတ်ပုံတင်ပြီး ဒီကျောင်းကပဲ စာမေးပွဲစစ်ဆေး အောင်စာရင်း
ထုတ်ပေးတာပါ။ (ဒါကလည်းအကြောင်းရှိပါတယ် . .  ဒီမတိုင်ခင်မှာ ကျွန်တော်တို့နိုင်ငံမှာ
ဘုန်းတော်ကြီးသင် ပညာရေးစနစ်ကို ပြန်လည်အကောင်အထည်ဖော်ပြီး ကျောင်းသား၊ကျောင်းသူများ မှတ်ပုံတင်ခြင်း၊ အတန်းတင်၊ အတန်းချ၊ ကျောင်းပြောင်း၊ စာမေးပွဲစစ်ဆေး  အောင်စာရင်း ထုတ်ပြန်ခြင်း ကိုခွင့်ပြုခဲ့ပါတယ်။

  ဒီလိုခွင့်ပြုခဲ့ခြင်းဟာလည်း ဆရာတော်ကြီးများ၏သီလဂုဏ်၊ သမာဓိဂုဏ်ကိုယုံကြည်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါတောင်မှ အလိုရမက်ကြီးသောမိဘများနှင့် လုပ်ကိုင်စားသောပွဲစားများက ဆရာတော်ကြီးများအား ဆရာဒါယကာဖြစ်မှု၊ သနားကြင်နာမှုကိုအခွင့်ကောင်းယူပြီး၊ အတန်းတင်၊ အတန်းချ၊ ကျောင်းပြောင်းလက်မှတ်၊ အောင်စာရင်း ထင်တိုင်းလုပ်ခဲ့ကြတာ၊ ကျောင်းမတက်ဘဲ တန်းစဉ်အအောင်ပေးခဲ့ကြတာ ရန်ကုန်၊ မန္တလေးဟိုးလေးတကျော်ကျော် မြင်မကောင်းကြားမကောင်းပါ။ ဒါကလည်း အာဏာပိုင်များနဲ့ သဲသဲလှုပ်မိဘတွေဘဲလုပ်ခဲ့ကြတာပါ . . . ပြီးတော့မှသာ ဒီကျောင်းတွေက တတ်အောင်မသင်နိုင်ဘူးဆိုပြီး ပြောကြဒီကိစ္စတွေကို  ဒီနေ့ကိုယ်ပိုင်ကျောင်းတွေ ကျရင်ဘယ်လိုထိမ်းချုပ်ကြမလဲ .)  ဒီမှာတင် ကိုယ်ပိုင်ကျောင်းထောင်ခွင့်ရတဲ့ ကျူရှင်ဆရာကြီးများက
လေပေါင်မြင့်လာပါတယ်၊ သူတို့ကဘဲ ကလေးတွေကိုတတ်အောင်သင်နိုင်တယ်. . .။

    သူတို့ကဘဲ ဂုဏ်ထူးမျာများရအောင်သင်ကြားလေ့ကျင့်ပေးနိုင်တယ် . . . ကိုယ်ပိုင်ကျောင်းတွေ လွတ်လွတ်လပ်လပ်ဖွင့်လှစ်ခွင့်ရမှ တိုင်းပြည်ပညာရေးကတိုးတက်မှာ. . . သူတို့ဆီမှာတက်ရင် ကျူရှင်ထပ်ယူစရာ မလိုဘူး . . .စသည်ဖြင့် ဂျာနယ်စာမျက်နှာတွေပေါ်ကနေ အင်တာဗျူးလုပ်ပြောခဲ့တာတွေဖတ်ခဲ့ရပြီးတော့ . . .စိတ်မသက်မသာဖြစ်ခဲ့ရပါတယ်။ တစ်ကယ်တော့ ဒီနေ့ကိုယ်ပိုင်ကျောင်းဆိုတာတွေက ကျူရှင်ပါဆိုနေမှ ကျူရှင်သာထပ်ယူနေရရင် စာတောင် သင်မစား သင့်တော့ဘူး၊ ဒါတောင်ရန်ကုန်၊ မန္တလေးမြို့ တွေမှာ ထပ်ယူနေကြတာ တစ်ပုံတစ်ပင်။     နိုင်ငံတော်အစိုးရကျောင်းမှာယခုနှစ်တွေမှာ ကျောင်းစရိတ်ကိုအခမဲ့နီးပါးဖြစ်အောင် လုပ်ဆောင်ပေးနေတာတောင် ပြောနေကြတဲ့သူတွေကို . ..  ဆရာဆရာမများက ကျောင်းမှာအသုံးပြုမဲ့ ပစ္စည်းလေးတွေ ဝယ်ဖို့တစ်နှစ်လုံးမှ ထောင်ဏန်းမျှသော ငွေကိုကောက်ခံမှုကို ဇာချဲ့နေသောသူများ ကိုယ်ပိုင်ကျောင်းများမှ တစ်နှစ်အပြတ် (၆-၈)သိန်းယူနေတာကိုကျတော့ နှုတ်ပိတ်နေတာလည်း တစ်မျိုးချည်းပါ။

  ဒီနေ့နိုင်ငံတိုင်းမှာ အဓိကကျောရိုးဖြစ်တဲ့ အစိုးရကျောင်းတွေကိုဘဲ အဓိကရင်းနှီးမြုပ်နှံ တိုးတက်အောင်လုပ်ပေးကြတာပါ။
     အခုတော့ . . .။ ဒီနောက် ၂ဝ၁ဝ နောက်ပိုင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ဦးဆောင်သော အရပ်သားအစိုးရတက်လာပြီးတဲ့နောက်၊ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ဖို့ လိုအပ်ကြောင်းကိုလည်း အတိအလင်းဝန်ခံပြောဆိုခဲ့သလို ဗလငါးတန်နှင့် ပြည့်ဝသော ခေတ်မီ ဆန်းသစ် မှုများကို တီထွင်ဖန်တီးနိုင်သော နိုင်ငံတကာအဆင့်မီ ကျောင်းသားကျောင်းသူများကို မွေးထုတ်ပေး နိုင်ဖို့ကို လည်း ဝိုင်းဝန်းဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

          အဲဒီနောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်တဲ့ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်းဖြစ်တဲ့ ဒေါက်တာမြအေးကို ပညာရေးပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခဲ့ပါတယ်။
           (ဒေါက်တာမြအေးလက်ထက် ပညာရေးအခြေအနေများကို ဆက်လက်ရေးသားပါမည်)။

    ဒီနောက်လွှတ်တော်များကို စတင်ကျင်းပရာ ပထမအကြိမ်ပြည်သူ့လွှတ်တော် ပထမအစည်းအဝေး မှာဘဲ ကိုယ်ပိုင်ကျောင်းဥပဒေကြမ်းကို စတင်အဆိုပြုတင်သွင်းထောက်ခံခဲ့ပြီး၊ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယကြိမ်အစည်းအဝေးမှာ ကိုယ်ပိုင်ကျောင်းဥပဒေကို လွှတ်တော် အသီးသီးက မြန်မြန်ဆန်ကြီး အတည်ပြု ပြဌာန်းလိုက်တာပါဘဲ (ဒီလွှတ်တော်နှစ်ကြိမ်ဟာ (၆)လအတွင်း
 ဖြစ်ပါတယ်။

      ဒီဥပဒေကြမ်းကို စတင် တင်သွင်းသည့်အချိန်မှ ပြဌာန်းသည့်အချိန်ထိပညာရေးနှင့်ပတ်သက်သော မိဘ၊ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမ နှင့် ပြင်ပမှ ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးနှီးနှောခြင်း၊ ချပြဆွေးနွေးခြင်းမရှိသလို၊ နိုင်ငံတကာကျင့်သုံးပြဌာန်းထားသော ကိုယ်ပိုင်ကျောင်းဥပဒေများ၏ အားနည်းချက်၊ အားသာချက်၊ မှီငြမ်းခဲ့ရင်လည်း ကိုယ့်မြေကိုယ့်ရေ၊့ ကိုယ့်အသိုင်းအဝိုင်းနှင့်ကိုက်ညီမှုရှိမရှီ၊ ပညာရေးသုတေသနအဖွဲ့၏ ဆာင်ရွက်ချက်များရှိ၊မရှိ၊ စမ်းသပ်ဖွင့်လှစ်ခွင့် ပေးထားသော ကိုယ်ပိုင်ကျောင်းများမှ တွေ့ ရှိချက်၊ အားသာချက်၊ အားနည်းချက်များကိုမှီငြမ်းမှု ရှိမရှိဆိုတာ ဥပဒေရေးဆွဲသူတွေရော၊ လွှတ်တော်ကိုယ်စားလှယ်တွေရော အသိဆုံးပါ။

      ဒီတော့ ဒီဥပဒေဘာကြောင့်မြန်မြန်ဆန်ဆန်ကြီးပြဌာန်းလိုက်တာလည်း . . . တိုင်းပြည်တစ်ပြည်ရဲ့ အဓိကကျောရိုးဖြစ်တဲ့ ပညာရေးကို၊ ဘာမျှတိုင်းသူပြည်သား (Stakeholders) များကိုဆွေးနွေးညှိနှိုင်းခြင်း မပြုတာလည်း ဒီနေ့ မီဒီယာဥပဒေဖြစ်လာဖို့အတွက်တောင် မီဒီယာသမားတွေနဲ့ အကြိမ်ကြိမ်ချပြ ဆွေးနွေး
တာတောင် ဥပဒေကြမ်း မထွက်နိုင်သေးဘူး၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်တဲ့ နိုင်ငံခြားပြန်၊ ပညာတတ်၊ ပါမောက္ခချူပ်ဟောင်း တစ်ယောက်ဖြစ်သော ဒေါက်တာမြအေးကရော ဘာကြောင့် လွယ်လွယ်ကူကူလက်ခံခဲ့ကြတာတုန်း၊ လွှတ်တော်မှာ ဒီအဆိုဖြစ်လာအောင် ဘယ်လိုလူမျိုးတွေက လှုံ့ဆော်ခဲ့ကြတာတုန်း၊ ပညာရေးဝန်ကြီးဒေါက်တာမြအေးနဲ့ ကျူရှင်ဘော်ဒါတွေ ပတ်သက်မှုဘယ်လိုရှိခဲ့တုန်း၊ မန္တလေးမြို့ပညာရေးအသိုင်းအဝိုင်း ပတ်ဝန်းကျင်ကလူတွေအသိဆုံးပါ။ ဒီလိုနဲ့ ဘာတွေဆက်ဖြစ်လာသလဲဆိုတော့ ဥပဒေအတည်ပြုပြီးတာ(၆)လကျော်ပေမဲ့ အခုအချိန်အထိ နည်းဥပဒေ မထွက်နိုင်သေးဘူး ၊ထွက်လာခဲ့ရင်လည်း ဒါတွေကိုဘယ်လိုထိမ်းသိမ်းကြမှာတုန်း . . .

၁။    ကိုယ်ပိုင်ကျောင်းထောင်မည့်သူများသည် လျှောက်ထားရတွင် ခွင့်ပြုခြင်း၊ ခွင့်မပြုခြင်းသည် သတ်မှတ်ထားသော အချက်လက်များနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ  ပြည်ထောင်စု ဝန်ကြီး၏ သဘောထားသည် အတည်ဖြစ်သည်ဆိုသောအချက်သည် ဝန်ကြီးအား လာဘ်စားခွင့်
 ပေးထားခြင်း သာဖြစ်သည် (အခြားနိုင်ငံများတွင်မူ အလွှာစုံမှပညာရှင်များနှင့် ကွင်းဆင်းစစ်ဆေးချက်
 ပေါ်တွင် မူတည်ပြီးခွင့်ပြုသည်)

၂။    ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်ကောင်းမွန်မှုစစ်ဆေးရာတွင် လိုအပ်သောကျောင်းကျယ်ဝန်းမှု၊ သင့်တင့်သောစာသင်ခန်းများနင့်တစ်ခန်းစီတွင်ကျောင်းသားဝင်ဆန့်မှုအရေအတွက်(အကယ်၍
ကိုယ်ပိုင်ကျောင်းများအားသတ်မှတ်အရည်အသွေးနှင့်မပြည့်စုံဘဲခွင့်ပြုခဲ့သည်ရှိသော် နောင်တစ်ချိန်
လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ မိမိတို့ရပ်ရွာတွင်မူလတန်းကျောင်းမှ အလယ်တန်း၊အ လယ်တန်းကျောင်းမှ အထက်တန်းတိုးမြင့်ပေးရန် တောင်းဆိုလာလျှင် ကြုံတွေ့ရမည့်အခက်အခဲ)

၃။         ကိုယ်ပိုင်ကျောင်းများအား တန်းတင်၊ တန်းချ၊ ကျောင်းပြောင်း ခွင့်ပြူလျှင်  ဖြစ်လာမည့်      နောက်ဆက်တွဲပြသနာ

၎။             ကိုယ်ပိုင်းကျောင်းထူထောင်သူများ၏ကျောင်းသားကျောင်းသူနှင့် မိဘမျာအပေါ် တာဝန်ခံမှု(  အကယ်၍ ကိုယ်ပိုင်ကျောင်းထောင်သူများသည် စီးပွားရေးအလို့ငှာ ဆောင်ရွက်ခြင်းဖြစ်သဖြင့် အမြတ်စွန်းမရရှိချိန်တွင် ရုတ်တရက် ပိတ်သိမ်းချိန်တွင် ကျောင်းတွင်ရှိကျောင်းသား၊   ကျောင်းသူများ၏ရှေ့ရေးအာမခံ)

၅။    ကျောင်းတွင်းရှိအလုပ်ရှင်အလုပ်သမားပြသနာ

၆။    ကိုယ်ပိုင်ကျောင်းများ၏အရည်အသွေးစစ်ဆေးခြင်း(Government  or Separate Body)

၇။    ကိုယ်ပိုင်ကျောင်းများတွင်ရှိသော ကျောင်းသားကျောင်းသူများ၏အခွင့်အရေး ( အချို့သော ကိုယ်ပိုင်ကျောင်းများသည် မိမိတို့အောင်ချက်နှင့် ဂုဏ်ထူးမြင့်မားရေးအတွက် စာ မလိုက်နိုင်သော ကျောင်းသားကျောင်းသူများအားနည်းမျိုးစုံဖြင့် ကျောင်းမှထုတ်ပစ်ခြင်း)

၈။    ကိုယ်ပိုင်ကျောင်းအုပ်ချုပ်ရေးဘုတ်အဖွဲ့ ရှိ/မရှိ

၁ဝ။    ကျောင်းကျန်းမာရေးအတွက်အစီအမံ

၁၁။    နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးတွင်ပူးပေါင်းပါဝင်မှုရှိ/မရှိ

၁၂။    ဝင်ငွေခွန်စည်းကြပ်မှု/အမြတ်ခွန်စည်းကြပ်မှု

၁၃။    မြို့တော်စည်ပင်သာယာရေးဥပဒေကိုလိုက်နာမှုနှင့် တာဝန်ယူမှု စတာတွေအပြင် မမြင်ရသေးသော၊ မမြင်နိုင်သော ပြသနာပေါင်းမြောက်များစွာပါ။

ဒီတော့နိုင်ငံတော်မှာမြန်မြန်ဆန်ဆန်ပြဌာန်းလိုက်သော ကိုယ်ပိုင်ကျောင်းဥပဒေမှ နည်းဥပဒေများဖြင့် နိုင်ငံသူနိုင်ငံသားများကို လုံခြုံမှုအပြည့်အဝပေးနိုင်ရန်အတွက် အလွှာအသီးသီးမှ ပညာရှင်များဖြင့်  ဆွေးနွေးညှိနှိုင်းရေးဆွဲပါရန်။
           ပြီးတော့ နိုင်ငံတော်မှ အစိုးရခန့်ကျောင်းများနှင့် ဆရာ၊ဆရာမများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားဆောင်ရွက်ပေးပါရန် (အဘယ်ကြောင့်ဆိုသော် –(ကိုယ်ပိုင်ကျောင်း  နေနိုင်သော
 ကျောင်းသား ကျောင်းသူအရေအတွက်မှာ မြန်မာနိုင်ငံရှိ ကျောင်းသား၊ ကျောင်းသူ အရေအတွက်၏ (၁%)ပင်မရှိသေးသည့်အတွက်ကြောင့်ဖြစ်သည်။)

     အစိုးရကျောင်းဆရာ၊ဆရာမများအား သင်ကြားရေးကို စူးစိုက်ဆောင်ရွက်နိုင်ရန်အတွက် သင်ကြားရေးနှင့်မပတ်သက်သော အခြားတာဝန်များပေးအပ်ခြင်းမှ ရှောင်ရှားရန်။ ဆရာ၊ ဆရာမများနှင့်
 ကျောင်းသား၊ ကျောင်းသူ၊ မိဘများအပြန်အလှန်ဆွေးနွေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်ရင်း
ယုံကြည်မှု ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန်။
          ပညာရေးအာဏာပိုင်များ(ဝန်ကြီး၊ ညွှန်ချုပ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှုးများ) မှလည်း ဆရာ၊ ဆရာမများ၏ ဥပဒေဘောင်အတွင်းမှ အခွင့်အရေးများကို မှန်မှန်ကန်ကန်ပေးအပ်မှု၊ ရာထူးတိုးခြင်း၊ အပြောင်းအရွေ့၊ သင်တန်း၊ ပညာသင်ဆု စသည်တို့တွင် ဘက်လိုက်မှု၊ လာဘ်စားမှုကင်းရှင်းရေး။ ဆရာ၊ဆရာမများအနေနှင့် ဆရာဆိုသောဂုဏ်နှင့်အညီ  ပြုမူပြောဆိုနေထိုင်မှု၊ မိမိ၏လုပ်ငန်း အပေါ်လေးစားမှု၊ ကျောင်းသားကျောင်းသူများအပေါ် သားသမီးနှင့်မခြား စောင့်ရှောက်မှု၊  နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကနေရာမှပါဝင်နေသည်ဟူသော အသိအား ခံယူမှုများကို မဖြစ်မနေ  ဆောင်ရွက်ရပေမည်။

   မိဘများအနေဖြင့်လည်းမိမိတို့၏ သားသမီးများအကျိုးအတွက် ပညာရေးလုပ်ငန်းများနှင့် ပညာရေးဝန်ထမ်းများအပေါ် ညစ်ညမ်းစေမည့် အပြုအမူမျိုးရှောင်ကြဉ်ရေး၊ နိုင်ငံတော်၏အနာဂါတ်၊ မိမိတို့၏ သားသမီးများအနာဂါတ်အတွက် ဆရာဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရေး တို့ကို ဆောင်ရွက်ရန်လိုပါတယ်။
         နောက်ဆုံးအနေနဲ့ပြောရရင် လမ်းဆုံလမ်းခွများတွင်ရောက်ရှိနေသော မိဘများသိစေရန်မှာ –

၁။    မိမိတို့သားသမီးများအား ဂုဏ်ထူးများဖြင် အောင်မြင်ရန်လိုအပ်သလို ဗလငါးတန်ဖွံ့ဖြိုးရန်လည်း လိုအပ်ကြောင်းသတိပြုပါ။

၂။    ယနေ့အချိန်ထိအစိုးရကျောင်းများတွင်ရှိသော အခြေခံအဆောက်အဦးနှင့် ဆရာဆရာမ အရည်အသွေးပြည့်စုံသော နေရာမရှိသေးပါ။

၃။    ဆရာ၊ဆရာမများမိဘများယုံကြည်မှုပြန်လည်တည်ဆောက်နိုင်လျှင် တစ်ချိန်တွင်  . . . .

၎။    ယခုစာရေးသူမှာ  တက္ကသိုလ်ဆရာတစ်ဦးဖြစ်သကဲ့သို့ ပြင်ပတွင်လည်း ကျူရှင်ပြစားနေသူ တစ်ဦးပါ၊ ပြီးတော့  မြန်မာပြည်အနှံ တာဝန်ထမ်းဆောင်ဖူးသူပါ။

၅။ မိမိသားသမီးများကိုလည်း ကိုယ်ပိုင်ကျောင်းများထက် သာလွန်သောကျောင်းများတွင် ထားနိုင်သော်လည်း ယနေ့အချိန်ထိ  လုံခြုံစိတ်ချရသော အစိုးရအထက်တန်းကျောင်းတွင်သာ ထားပါသည်။

၆။    စနစ်ကျသောကိုယ်ပိုင်ကျောင်း များပေါ်ထွက်လာလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွင် လျင်မြန်စွာပြောင်းလဲမည်ဟု ယုံကြည်သူလည်းဖြစ်ပါသည်။
၇။   မီဒီယာများအနေဖြင့်လည်း ကိုယ်ပိုင်ကျောင်းများကောင်းကြောင်း ရေသားသကဲ့သို့ နိုင်ငံတာဝန်ကို ပင်ပမ်း ဆင်းရဲစွာဖြင့် ထမ်းဆောင်နေသော ဆရာဆရာမများအားမနှိမ်ချမိစေရန်နှင့် အစိုးရကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဝိုင်းဝန်းရေးသားအကြံပြုရန် မေတ္တာရပ်ခံပါသည်။

၈။    ကျွန်တော်ဆောင်းပါးနှင့် ပတ်သက်ပြီး သဘောတူသူရော၊ မတူသူရော ဝေဖန်နိုင်ပါသည်။
ဘာဘဲပြောပြော ကိုယ်ပိုင်ကျောင်းများမြန်မြန်ခွင့်ပြုရမည်မှာအမှန်ဖြစ်သလို မြန်မြန်ဆန်ဆန် ဥပဒေပြုလိုက်သော ကိုယ်ပိုင်ကျောင်းဥပဒေကြောင့် နိုင်ငံတော်ပညာရေးတိုးတက်မှုရှိ/မရှိတောမသေချာ၊ (ဘာကြောင့်မသေချာခြင်းကို ဆက်ရေးပါမည်) သေချာတာကတော့ ကျောင်းသားရော၊မိဘရောဒီအချိန်မှာ ဝိရောဓိတော့များကုန်ပြီဖြစ်သည်။


ကိုကြီးသောင်း(အရာတော်)
Myanmar News Now 

5/06/2012 11:21:00 PM   ဆိုဒ်မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment