Sunday, May 13, 2012

တွေ့ခဲ့သည် ကြုံခဲ့သည်.....


မေလ ၂ရက်နေ့ ညနေ ၆နာရီ ၄၅မိနစ်

ဟဲလို....

"သား... မေမေပါ... သားဖေဖေဆုံးပြီ"


"ဗျာ"

အဲဒီလိုနဲ့ ရုံးက director တစ်ယောက်ကို ဖုန်းလှမ်းဆက် ကျန်တဲ့ director တွေကို mail လှမ်းပို့ပြီး ခွင့်တင်ပြီးတာနဲ့ တွေ့တဲ့အဝတ်ကောက်ထည့်ပြီး လေဆိပ်ကို ဆင်းခဲ့ပါတယ်

ဂိုးရှိုးနဲ့ ၃ရက်နေ့နံနက် ၉နာရီ flight နဲ့ရန်ကုန်ပြန်လာခဲ့ပါတယ်...
ရန်ကုန်ရောက်ရင် taxi ခရအောင်ဆိုပြီး လေဆိပ်မှာ ၁၀ဒေါ်လာ လဲခဲ့ရတယ်


အဲဒီလိုနဲ့ ရန်ကုန်လေဆိပ်အရောက် immigration ကအဖြတ်

"မင်း visa ကကျန်နေသေးတာ ဘာလို့ပြန်လာတာလဲ"

စိတ်က ထောင်းကနဲဖြစ်သွားတယ်
အင်းလေ ငါ့အဖေနာရေးကြောင့်ပြန်လာတာပဲ စိတ်လျှော့ဆိုပြီး သတိပေးပြီး ကောင်းကောင်းမွန်မွန်ပဲ ပြန်ဖြေခဲ့ပါတယ်

အဲဒီလိုနဲ့ taxi ဖိုးရအောင် လဲလာခဲ့တဲ့ ၁၀ဒေါ်လာကို လေဆိပ်က money changer မှာသွားရောင်းတော့ note အသေးမို့လို့ ၇၂၀ပဲပေးမယ်တဲ့ (အဲဒီတုန်းက အပြင်မှာ ၈၂၀ကျော်ပေါက်သည် ဘယ်တတ်နိုင်မလဲလေ.....)
လုပ်ထားဟ.....

ဘာပဲဖြစ်ဖြစ် ရောင်းခဲ့လိုက်ပြီး အိမ်ရောက်အောင်ပြန်ခဲ့တော့ မေမေ့ကို ငိုလျက်သားတွေ့ရတယ်
စိတ်တော့မကောင်းပေမဲ့ ငါမျက်ရည်ကျလို့မဖြစ်ဘူးဆိုပြီး ခနလောက် နှစ်သိမ့်ပေးရင်း အစ်မဖြစ်သူ ပြန်လာတာကို ခနစောင့်ရတယ်....

အစ်မပြန်လာတော့ အကျိုးအကြောင်းမေးတော့ ဦးနှောက်သွေးကြောမကြီးတွေ ပေါက်သွားတာတဲ့
သူပြောလိုက်မှ ရင်ထဲ ဆို့သွားတယ်
ညနေ ၅နာရီ ၅၂မှာဆုံးတာတဲ့

ကျွန်တော့အစ်မပြောပြချက်အရ
နာရေးကူညီမှုအသင်းက ညနေ ၅နာရီနောက်ပိုင်း ဖုန်းပိတ်ထားလေ့ရှိတယ်
ဆေးရုံကြီးကို ဖုန်းဆက်တော့ ကျေးဇူးရှင်တွေက လာခေါ်တော်မမူလို့ ည ၈နာရီလောက်မှ လူနာအသဲအသန်ဖြစ်ပါတယ်ဆိုပြီး ဖုန်းဆက်လှမ်းခေါ်တော့ လူနာတင်ယာဉ်အတွက် ၅သောင်း စတောင်းတယ်
ပေးပါမယ်ပြောတော့မှ ကားလွှတ်တော် မူလေရဲ့.....
ပြည်သူတွေအပေါ် စေတနာထားချက်က နားရင်းပဲ လှိမ့်ရိုက်ဖို့ကောင်းတယ်.....
ဆေးရုံကြီးရောက်တော့ သေဆုံးတာကို လက်မခံချင်သေးတာနဲ့ အဖေဖြစ်သူကိုလည်း ရေခဲတိုက်ထဲမှာ မသေသေးပဲ မထားခဲ့ချင်တာနဲ့ ECG ထပ်ဆွဲတယ်တဲ့
အဲဒီမှာပြီးတော့ အလောင်းကို ရေခဲတိုက်ထဲပို့တာ တွန်းလှည်းကို သယ်တာက ၅ထောင်တဲ့ တွန်းလှည်းလာဖို့အတွက် ဆရာကြီးဆိုသူက ပြောပေးခက ၅ထောင်တဲ့
အဲဒါတွေ ပြန်ကြားရတော့ စိတ်တော့မကောင်းပေမဲ့ ဘယ်တတ်နိုင်မလဲလေ

အဲဒါနဲ့ ဆေးရုံကြီးရင်ခွဲရုံမှာလဲ မထားချင်တာနဲ့ ရေဝေးကို ရွှေ့ဖို့ နာရေးကူညီမှုကို ဖုန်းဆက်တော့ သချိုင်္င်းလက်မှတ်ရရင် သူတို့ လာခေါ်ပေးပါမယ်တဲ့
အဲဒါနဲ့ ရင်ခွဲရုံကို ပြေးရပါရော
အဲဒီမှာ ဆံပင်ရှည်ရှည် ခပ်ပိန်ပိန် အသားညိုညို နားကပ်၂ဘက်နဲ့ စည်ပင်ဝန်ထမ်းက အလောင်းကို ဆေးရုံကြီးကရင်ခွဲရုံမှာလည်း ထားလို့ရကြောင်း အသုဘချမဲ့နေ့မှ ပြင်ဆင်ပြီးတော့ သရဏဂုံတင်ပြီး ရေဝေးကို ရွှေ့လည်းဖြစ်ကြောင်းနဲ့ ရွှန်းရွှန်းဝေအောင် marketing ဆင်းပါလေရဲ့
နောက်ပြီး၅ရက်ထားမယ်ဆိုရင် အနံ့မထွက်အောင် ဆေးထိုးရင်ကောင်းမယ် ဘာညာပေါ့ဗျာ

အဲဒီမှာ ကျွန်တော်တွက်ကြည့်တယ်
ဆေးရုံကြီးကနေ ရေဝေးကို မောင်းရင် ကား traffic ဖြစ်တာနဲ့ဆိုရင် ၂နာရီလောက်မောင်းရတယ် (မြောက်ဥက္ကလာမှာ လမ်းပြင်နေတာလည်း ပါတာပေါ့)
အဲဒီကြားထဲမှာ အပူရှိန်နဲ့ဆိုရင် အလောင်းက ရေတွေ ထွက်လာနိုင်တယ်
နောက်ပြီးတော့ သူတို့ ရေခဲတိုက်ကလည်း အနံ့တွေက ဟိုးအပြင်အထိတောင် မခံနိုင်လောက်အောင် လျှံထွက်နေလေရဲ့
ကိုယ့်အလောင်းက အနံ့မထွက်ရင်တောင် တခြားအလောင်းက အနံ့ကူးနိုင်သေးတယ်လေ
အဲဒါနဲ့ ဆေးပဲထိုးမယ် အလောင်းကိုတော့ ဒီနေ့ပဲ ရေဝေးကိုရွှေ့မယ် နာရေးကူညီမှုကိုလည်း ပြောထားပြီးပြီ ဆိုပြီး ပြောရတာပေါ့
အဲဒီလိုပြောတော့ မျက်နှာတွေက ပျက်သွားလိုက်ကြတာမှ.....

အဲဒီလိုနဲ့ သချိုင်္င်းလက်မှတ် ကိစ္စလုပ်တော့ ဆရာဝန်ထမင်းသွားစားလို့ စောင့်ပါတဲ့
အဲဒီအချိန်မှာပဲ ဖေ့ဖေ့အလောင်းကို လူငှါးနဲ့ ရေချိုးပေးတယ်
လုပ်တာတွေကြည့်ပြီး စေတနာမပါတာ အရမ်းသိသာတယ်
သူတို့အတွက် ရိုးနေပေမဲ့ ဒါက ကိုယ့်အဖေကိုး.....
ရေချိုးပြီးတော့ သူတို့အတွက် ပိုက်ဆံတောင်းတော့ ရေချိုးခအတွက် ၃ထောင်ပေးလိုက်တာကို ၅ထောင်အနည်းဆုံးပေးရမယ်ဆိုလို့ အောင့်သက်သက်နဲ့ ထုတ်ပေးလိုက်ပါတယ်
ဇာတ်လမ်းက ပြီးမသွားသေးပဲ ဆေးဖိုးအတွက် ၃သောင်းခွဲက ပေးပြီးသားကို ဆေးထိုးပေးခအတွက် မုန့်ဖိုးတဲ့
အဲဒါတော့ တော်တော် လွန်သွားပြီ
ကျမှန်းသိလို့ ထပ်တောင်းနေတာဖြစ်သွားပြီ
အဲဒါနဲ့ မပေးနိုင်တော့ဘူးလို့ပဲ ပြောလိုက်တယ်

နောက်တော့ သချိုင်္င်းလက်မှတ် ရလာတာနဲ့ကွက်တိပဲ နာရေးကူညီမှုကားက ရောက်လာတယ်
ဟိုငတိတွေကတော့ ပိုက်ဆံထပ်မပေးတော့မှန်းသိလို့ အလောင်းကို ကားပေါ်တောင် တင်မပေးတော့ဘူး
နာရေးကူညီမှုအသင်းကလူတွေကပဲ ကားပေါ် တင်ပေးရတယ်
နာရေးကူညီမှုက ကားသမားကို ကားခမေးတော့ သူတို့က ကုသိုလ်ဖြစ်ဆိုတော့ ပေးစရာမလိုပါဘူးတဲ့
လှူချင်ရင် ရုံးခန်းမှာ လှူပါတဲ့
နောက်ပြီး ရေဝေးမှာ ၃ရက်ထားရင် နာရေးကူညီမှုအသင်းက အဲဒီအလောင်းအတွက် ၃ရက်စာ အအေးတိုက်ဖိုး ပေးပါတယ်တဲ့
၅ရက်ထားရင်သာကျန်တဲ့ ၂ရက်စာကို ကိုယ့်ဘာသာ ပေးရတာပါတဲ့
နောက်ပြီး ဟိုမှာ အလောင်းသဂြိုလ်မဲ့ကိစ္စကိုတော့
ကြံလည်း ပေးပါတယ် ပြောရင်တော့ စည်ပင်နဲ့ ကိုယ့်ဘာသာ ပြောပါတဲ့
စည်ပင်နဲ့က သိပ်ပြီး အစေးမကပ်လို့ပါတဲ့
ဪ.....
ကွာလိုက်တဲ့ စိတ်စေတနာတွေ.....

အဲဒီလိုနဲ့ ရေဝေးကိုရောက်သွားတော့ ဟိုမှာ ရေတခါ ပြန်ချိုးရတယ်
အဲဒီမှာ သတိထားမိတာက အသက်မရှိတော့တဲ့အလောင်းပေမဲ့ ကျန်ခဲ့တဲ့သူတွေ စိတ်မသက်မသာ ဖြစ်မှာစိုးလို့ ရေချိုးပေးတာတောင် ခေါင်းအောက်က ခေါင်းအုံးတွေ ခံပြီး အသေအချာ ချိုးပေးရှာတယ်.....

နောက်တော့ စည်ပင်က အရာရှိနဲ့ စကားပြောရတာပေါ့
ထုံးစံအတိုင်းပဲပေါ့.....
ခေါင်းဝယ်ရင်၆သောင်းခွဲ အလောင်းပြင်ရင် ၃သောင်းခွဲ စသဖြင့်ပေါ့
ကျွန်တော်တို့ စဉ်းစားတာကကျတော့ နာရေးကူညီမှုက မှန်ခေါင်းကိုပဲသုံးပြီး အခေါင်းဖိုး စတာတွေ တခြားကုန်မှာတွေကို ကုန်မဲ့အတူတူ နာရေးကူညီမှုကိုပဲ လှူချင်တယ်
ဟုတ်တယ်လေ
ကိုယ့်အိတ်ထဲပဲကိုယ်ထည့်ချင်ကြတဲ့ ငတို ငလျှိုတွေကိုတော့ မပေးချင်ပါဘူး
(နောက်ပြီး စည်ပင်ရောင်းတဲ့အခေါင်းဆိုတာက တခြားသူတွေ သဂြိုလ်တဲ့အခါမှာ ထည့်ပေးလိုက်တဲ့အခေါင်းကို ဟန်ပြပဲ မီးခိုးလေး၁ချက်လောက် အူပြပြီး အလောင်းကိုပြန်ထုတ် ပြီးဒီအတိုင်းသဂြိုလ် အခေါင်းကိုကျတော့ ပြန်သပြီး နောက်လူကို ပြန်ရောင်းတာ)
နာရေးကူညီမှုအသင်းဆိုတာက အများအတွက် တကယ်ကို စေတနာနဲ့ အလုပ်လုပ်နေကြတာ


အဲဒါနဲ့ စည်ပင်က သူတောင်းစားက နာရေးကူညီမှုက မှန်ခေါင်းပဲသုံးမယ်ဆိုတော့ မရှိဆင်းရဲသားမသာဆိုတော့ ဖြစ်သလိုချမှာပေါ့လေတဲ့
မှတ်ချက်ကိုက ထရိုက်ချင်စရာ
သေသွားတဲ့သူအတွက် ဝမ်းနည်းနေသူတွေကို ဒင်းတို့သောက်ဆံမရတိုင်း သောက်ပါးစပ်က ပြောထွက်တာက ပက်ကနဲပဲ.....

အဲဒါနဲ့ နာရေးကူညီမှုရုံးခန်းမှာ သိချင်တာလေးတွေ မေးပြီး နောက်တစ်ရက်မှာ နာရေးကူညီမှုကို ပိုက်ဆံလှူမလို့ဖုန်းဆက်တော့ ၁သိန်းအထက်ဆိုရင် အိမ်တိုင်ရာရောက် လက်ခံပေးပါတယ်တဲ့အဲဒါနဲ့
နာရေးကူညီမှုက လူတွေ ရောက်လာပါလေရော
သူတို့က ပြောပြတယ်
ခြံနဲ့နေသူတွေ ဒါမှမဟုတ် တိုက်ခန်းမြေညီထပ်ကလူတွေ သေဆုံးရင် ရေခဲတိုက်ပို့စရာမလိုပဲ သူတို့က အလောင်းမပုပ်အောင်လို့ cooling box ကို အကူအညီပေးပါတယ်တဲ့
မီးမသဂြိုလ်ခင် အမျိုးတွေ ကြည့်ချင်ကြည့်လို့ရအောင် ပါတဲ့.....

စေတနာကို ပိုပြီး လေးစားမိတယ်....
အဲဒီမှာ ထူးခြားချက်တစ်ချက်သွားတွေ့တယ်
ဖိတ်လို့ အိမ်ကိုလာတဲ့ နာရေးကူညီမှုအသင်းကလူတွေက တိုက်တဲ့အအေးကိုတောင်မသောက်ဘူး
အတင်းတိုက်ပြီး ဘာဖြစ်လို့မသောက်တာလဲဆိုတာမေးတော့မှ သူတို့အသင်းမှာ အလှူလှူချင်လို့ ပိုက်ဆံသွားယူပေးတာဖြစ်စေ အလောင်းသွားသယ်ပေးတာဖြစ်စေ သေသူဆီက အအေးတစ်ခွက်တောင် မသောက်ဖို့အတွက် စည်းကမ်းကို တင်းတင်းကြပ်ကြပ်ထုတ်ထားလို့ပဲါ့
ဟုတ်လည်းဟုတ်တာပဲလေ
သေသွားလို့ ပူဆွေးနေရတဲ့မိသားစုဆီက သူတို့ ဘာမှမလိုချင်ဘူးပေါ့
တကယ်လို့သာ သေဆုံးသူမိသားစုက မချောင်လည်ခဲ့ရင် အအေးတိုက်ဖို့ဆိုတာလည်း နည်းနည်းတော့ အခက်အခဲရှိမှာပေါ့.....
(နွမ်းပါးတဲ့မိသားစုတွေကိုဆိုရင် မြေဆင်းသပိတ်သွတ်ဖို့အတွက်ရယ် ရက်လည်ဆွမ်းသွတ်ဖို့အတွက်ရယ်ပါ သူတို့ ပြန်ပြီး လှူပေးပါသေးတယ်တဲ့)

အဲဒီလိုနဲ့ ပထမမှန်းထားတဲ့ပိုက်ဆံကို ကျွန်တော်တို့ မောင်နှမ နှစ်ယောက်ရယ် မေမေရယ်က ထပ်ဖြည့်ပြီး လှူခဲ့ပါတယ်
အဲဒီမှာ စကားနည်းနည်း ပြောဖြစ်တော့ သူတို့လုပ်နေတဲ့ သုခ ကုသိုလ်ဖြစ်ဆေးခန်းအကြောင်း ကို စိတ်ဝင်စားလို့ မေးမိတာပေါ့
အဲဒီမှာ လူနာတင်ကုတင် ၁လုံးလှူချင်ပါတယ်ပေါ့
အဲဒီမှာ သူတို့က လှူလို့ရပါတယ် ဒါပေမဲ့ ဆေးခန်းအဆင့်ပဲရှိသေးပြီး ဆေးရုံအဆင့်အထိတော့လုပ်လို့မရသေးဘူးတဲ့
အဲဒါနဲ့ ဘာကြောင့်လဲမေးမိတော့မှ ပက်လက်လန်တာပဲ
ဆေးဝါးရော စက်ပစ္စည်းရော လာထိုင်မဲ့ဆရာဝန်တွေရော အကုန်အဆင်သင့်ပါတဲ့
အစိုးရက လုပ်ခွင့်လုံးဝမပြုလို့ ညှိနေရပါတယ်တဲ့
ကောင်းရော.....
လုပ်အား ငွေအား အဘက်ဘက်က လှူမဲ့ အလှူရှင်တွေလည်းရှိတယ်
ဆေးကုသခံချင်တဲ့ ကုသဖို့လည်း တကယ်လိုအပ်တဲ့ နွမ်းပါးသူတွေလည်း ရှိတယ်
အားလုံးလည်း အဆင်သင့်ပဲ
ဒါကိုတောင် လုပ်ခွင့်မပေးတာ.....
ဪ.....
စိတ်စေတနာတွေပေါ့လေ လို့ပဲ သက်ပြင်းချမိပါတယ်
တခြားနိုင်ငံတွေမှာဆိုရင် ကျန်းမာရေးက အစိုးရက လုံးဝ တာဝန်ယူထားတာ
ဒီမှာ တာဝန်မယူတဲ့အပြင် လုပ်မဲ့သူရှိတာကိုတောင် လုပ်ခွင့်မပေး
ဒီပုံစံအတိုင်းဆိုရင်ဖြင့်.....

(လက်သင့်ရာ စားတော်ခေါ်ခြင်း အကျင့်ပျက်လာဘ်စားခြင်း ပညာပြခြင်း ပါဝါပြခြင်း စသည်တို့ကို ကိုယ်တွေ့ကြုံခဲ့ခြင်းများကို အလျဉ်းသင့်သလို ဆက်ရေးသွားပါမည်)

မီဒီယာတွေအနေနဲ့လည်း ဖွပို့စ်တွေကို တင်သလို ဒီလိုကိစ္စတွေကိုပါ ရေးသင့်တယ်လို့ပါ အကြံပြုလိုပါသည်ခင်ဗျာ.....

by Nulled Byte on Sunday, May 13, 2012 at 3:00pm ·

from: Human Truth barnay.87@googlemail.com
reply-to: barnay.87@googlemail.com


မှော်ဆရာ အဖွဲ့ က ပို့တဲ့ မေးလေးတစ်စောင်ပါ

No comments:

Post a Comment