ခါတိုင်းလိုပင် ထွေလီကာလီစကားဝိုင်းလေးကို သောက်နေကျလက်ဖက်ရည်ဆိုင်သို့သွားကာ
လူစုံသည်နှင့် တပြိုင်နက် အစပြုလိုက်ကြ သည်။ လူငယ်လေးတွေချည်းစုပြီး
ဝိုင်းဖွဲ့ကာ ရယ်စရာလေးများ ပြောရင်း တဝါးဝါးတဟားဟားဖြစ်နေကြရာမှ
တစ်ယောက်သောသူ၏ စကားကြောင့် ရုတ်တရက် အားလုံး
တိတ်ဆိတ်ငြိမ်သက်သွားပါတော့တယ်။
“ကျွန်တော်ငယ်ငယ်က ရွာမှာနေတုန်းကပေါ့ဗျာ၊ နွေရာသီဆို
ခြံထဲမှာရှိတဲ့ သစ်ပင်ကြီးတွေရဲ့ ကိုင်းခြောက်ကြီးတွေကို မိုးတွင်း ကာလနဲ့
ဆောင်းအလွန်ထိ နှစ်ဥတုစာလောက် ထင်းအဖြစ် သုံးနိုင်အောင်
လိုက်ခုတ်လေ့ရှိတယ်။ ခြံက အကျယ်ကြီးဆိုတော့ ပင်စေ့လိုက်ပြီး
ခုတ်လိုက်တယ်ဆိုရင်ပဲ ဖူလုံသွားတယ်။ အဲလို ခုတ်လိုက်လို့ မြေကြီးပေါ်ကျလာတဲ့
အကိုင်းတွေကို ပေါက်ဆိန်နဲ့ခွဲလို့ရအောင် သင့်တော်ရုံ
အနေလေးတွေလောက်မှန်းပြီး တစ်ပိုင်းစီဖြတ်ရတယ်။ ပြောချင်တာက အဲဒီအခါမှာ
မဖြစ်မနေ သုံးရတဲ့အရာ တစ်ခုရှိတယ်။ အဲဒါ “လွှ”၊
ငါးမန်းစွယ်လို့ခေါ်တဲ့“လွှ”ပြဲ ဖစ်တယ်”
ဟု ဆိုကာ လက်ဖက်ရည်ကို
တစ်ငုံခန့် သောက်လိုက်ပြီး သူ့စကားကိုခဏရပ်ထားပါတယ်။ ပြီးမှ
ဘာကိုပြောချင်တာလဲဆိုသော မျက်လုံးများဖြင့် ဝိုင်းကြည့်နေကြသူများကို
တစ်ချက်ဝေ့ကြည့်ကာ သူကပဲ ဆက်ပြောပါတော့တယ်။
“ငါးမန်းစွယ်“လွှ”မှာ ချွန်မြတဲ့အသွားနှစ်ဖက်ရှိတယ်။
လူနှစ်ဦးဟာ ကိုယ်ဖြတ်ချင်တဲ့သစ်ကိုင်းကို အလယ်မှာထားပြီး ငါးမန်းစွယ်လွှကို
သူ့အပေါ်တင်ကာ ဟိုဘက်ဒီဘက်အသွားအပြန်ဆွဲရတယ်။ ငါးမန်းစွယ် လွှဟာ
သစ်ကိုင်းခြောက်ကြီးကို အသွားစားလိုက်၊ အပြန်စားလိုက်နဲ့ ခပ်သွက်သွက်လေး
ဆယ့်ငါးမိနစ်လောက် ဆွဲပေးလိုက်တာနဲ့ ခါးလယ်က ပြတ်ကျသွားတယ်။
မြန်မာနိုင်ငံသားဖြစ်တဲ့ အလုပ်သမားတွေဟာ ငါးမန်းစွယ် လွှကြီးအောက်ကို
ရောက်နေတဲ့သစ်ကိုင်းခြောက်ကြီး အလား ဆိုရမလိုဖြစ်နေတယ်”။
“ကိုယ့်နိုင်ငံအတွင်းမှာ မိသားစုနဲ့အိုးမကွာ အိမ်မကွာ
ရိုးရိုးသားသားနဲ့ ပင်ပင်ပန်းပန်း အလုပ်ကြိုးစား နေရပေမယ့် ရလာတဲ့
လုပ်အားခက မလုံလောက်ဘူးဖြစ်နေတယ်။ အထူးသဖြင့် စက်ရုံတွေမှာ အလုပ်လုပ်ရတဲ့
သူတွေဆို ပိုပြီးထင်ထင်ရှားရှားမြင်နိုင် တယ်။ အခုဆို
လှိုင်သာယာစက်မှုဇုန်မှာရှိတဲ့ အလုပ်သမားတွေ မခံစားနိုင်လွန်းလို့
တညီတညွတ်တည်း အလုပ်မဆင်းတော့ဘဲ မိမိတို့ရသင့်ရထိုက် တာထက်မပိုတဲ့
တောင်းဆိုမှုတွေနဲ့ အညီ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကုန်ကြပြီ။
ရန်ကုန်မှာရှိတဲ့ နေမင်းအောင်၊ စံပယ်ပွင့်၊ ပုလဲ၊ တော်ဝင်၊ YG၊ ဒဏ္ဍာရီ
စက်ရုံတွေက အလုပ်သမားတွေဦးဆောင်ပြီး ထောင်နဲ့ချီတဲ့ ညီညွတ်မှုနဲ့
ရဲရဲဝံ့ဝံ့ကြီးကို တောင်းဆိုနေကြတယ်။ အဲဒါကို
လွှတ်တော်ပြုပြင်ပြောင်းလဲရေးဆို လား ခေတ်မှီဖွံ့ဖြိုးတိုးတက်ရေးရာေ က်ာမတီ
ဥက္ကဋ္ဌလားဆိုသူက အော်လံလေးကိုင်ပြီး စက်ရုံပိုင်ရှင်တွေရဲ့
သဘောကိုအသံကုန်ဟစ်လို့ လာရောက်ညှိနှိုင်း ပေးတယ်။ ဒါပေမယ့်
အလုပ်သမားထုကြီးက သူ့အသံအဆုံးမှာ “မရပါဘူး”ဆိုတဲ့ အသံကြီးက ဟိန်းနေအောင် ထွက်ပေါ်လာတယ်။ အဲလိုအသံတွေဟာ
ရိုးသားနွမ်းပါးပြီး ဘဝကိုမလိုအပ်ပဲ ခက်ခက်ခဲခဲ ရုန်းကန်နေကြရတဲ့
ခံစားမှုတွေထဲက ထွက်လာတဲ့အသံဖြစ်တာကြောင့် အမြှောက်ကြီးဖောက်လိုက်သလိုပဲ
ဟီးထသွားတယ်။ သူတို့ တောင်းဆိုထားတဲ့ ရှားပါးစရိတ်
ငွေသုံးသောင်းကို တစ်သောင်းခွဲလောက်လေးပေးပြီး ပျားရည်နဲ့လာပြီး
ဝမ်းချတာကြောင့် “မရပါဘူး” ဆိုပြီး ပြန်အော်ကြတာဖြစ်တယ်။ သူတို့အသံတွေကို
စာနာထောက်ထားပြီး ဘယ်လိုဆောင်ရွက်ပေးမလဲဆိုတာ စောင့်ကြည့်ရဦးမယ်။
ဘာဖြစ်လို့လဲဆိုတော့ ပုလဲစက်ရုံပိုင်ရှင်တွေက အလုပ်သမားတွေအားလုံးကို
သူတို့သတ်မှတ်ပေးထားတဲ့(၃)ရက် အတွင်း အလုပ်မဆင်းဘူး ဆိုတာနဲ့ တပြိုင်နက် တစ်ခါတည်းထွက်ပြီးသားဖြစ်ပြီလို့  ရာဇသံလိုလို ခြိမ်းခြောက်ဖိအားပေးထားကြတယ်။ အလုပ်တွေ
က သိပ်ကိုရှားပါးတဲ့ ကိုယ့်နိုင်ငံမှာ ရတဲ့နေရာလေးကနေ အသက်ရှုပေါက်လေး
ချောင်မလားဆိုပြီး ဝင်လုပ်ကြရ တာဖြစ်တဲ့ အတွက် မလိုက်လျောပဲ အလုပ်ရှင် ဘက်က
သဘောထားသေးသိမ်ပြီး လောဘဇော တိုက်၊ ကိုယ်ချင်းမစာ မျက်နှာပြောင်
တိုက်လိုက်မယ်ဆိုရင်လည်း အားလုံး “ဖွတ်မရ၊ ဓါးမဆုံး” အလုပ်လက်မဲ့
ဖြစ်သွားနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဖြစ်ရခဲတဲ့ လူ့ဘဝမှာ
ချမ်းသာဖို့ကြိုးစားနိုင်ဖို့ေ နနေသာ ဘဝမှာ သင့်တင့်ရုံ စားသောက်နေထိုင်ဖို့ကိုတောင် ကိုယ့်နိုင်ငံက အလုပ်သမားတွေ အခုလိုတိုက်ပွဲဝင်နေရတယ်”။
“ကိုယ့်နိုင်ငံမဟုတ်တဲ့ သူများတိုင်းပြည်မှာ
ကိုယ့်အိုးကိုယ့်အိမ်လေးနဲ့ ကိုယ်ပိုင်စီးပွားရေးလည်း လုပ်လို့ရအောင်
တစ်ချို့ ရည်ရွယ်ပြီး မိသားစုနဲ့ခွဲ၊ မျက်နှာမွဲဘဝနဲ့ ရရာအလုပ်ကို
ခေါင်းမခါဘဲလုပ်ကြရတယ်။ တချို့ကလည်း စားဖို့တောင်မလွယ်ကူတော့လွန်းလို့
ဖြစ်ချင်ရာဖြစ်ပါစေဆိုပြီး အရဲစွန့်လို့ သူခိုးချွတ်နင်း
တိတ်တဆိတ်သွားပြီး မျက်ရည်တွေကြား အားခဲကာ တိုင်းတစ်ပါးမှာ သွားရောက်
လုပ်ကိုင်ကြရတယ်။ တကယ်တော့ ကျွန်တ်ာတို့နိုင်ငံသားတွေ သူများနိုင်ငံမှာ
ခေတ်သစ်ကျွန်ပြုခံနေရတယ်။ ဘာလို့ အဲသလိုပြောရ သလဲဆိုတော့ မကြာသေးမီကပဲ
လူပွဲစားတွေရဲ့ အရောင်းစားခံရထားတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၁ဝဝ
ကျော်တိတိကို ထိုင်းနဲ့ မြန်မာအဖွဲ့အစည်းတချို့ကပေါင်ြး ပီး
ကယ်တင်လိုက်ရတယ်။ ဘန်ကောက်မြို့ မဟာချိုင်ဒေသမှာရှိတဲ့ ပုစွန်စက်ရုံမှာ
အဲဒီ ၁ဝဝ ကျော်ရှိတဲ့ သူတို့ကို ပိတ်လှောင်ထားတယ်။ တစ်နေ့ကို ပျမ်းမျှ
ဘတ်၂၅၅လောက် ပေးရမယ့်အစား သူတို့နိုင်ငံမှာရှိတဲ့ သူတောင်းစားလှူသလောက်
ပိုက်ဆံတောင်မရှိတဲ့ ဘတ်ငွေ တစ်ဆယ်ခန့်ကိုပဲပေးတယ်။ အဲလိုပေးတာတောင်
ပုံမှန်ရချင်မှရတယ်။ နေမကောင်းလို့ အလုပ်မဆင်းနိုင်ရင် ရိုက်နှက်ခံရတယ်။
အစားအသောက်ကြတော့ မသေရုံ လောက်လေးကျွေးတယ်။ ကျွေးတယ်ဆိုလို့ အာဟာရ ရှိရှိ
လူအဆင့်လောက် သတ်မှတ်ပြီးကျွေးတာမဟုတ်ဘူး။ ခွေးတောင် ဝက်တောင်မစားတဲ့
ပုပ်သိုးနံစော် ညစ်ပတ်နေတဲ့ အမှိုက်ပုံးထဲထည့်မဲ့ဟာကိုကျွေး တာဖြစ် တယ်။
အဲဒီအစားအစာတွေကို ငတ်မရှက်ဆိုသလို မသေရုံအားခဲ မျက်ရည်ဝဲပြီး စားရလေတော့
ကျန်းမာရေးပါ ထိခိုက်ရတယ်။ ကိုယ့်နိုင်ငံ ကနေ မျှော်လင့်တကြီးနဲ့
ထွက်လာခဲ့ကြတဲ့ အားကောင်းမောင်းသန် အရွယ်ကောင်း တွေဟာ အခုလို
အဖြစ်ဆိုးတွေကို ရင်ထဲ နှလုံးသားထဲ ထိ စွဲနေအောင် ပယ်ပယ်နယ်နယ်ကြီး
တွေ့ကြုံခံစားနေရရှာတယ်။ တချို့ဆို အဲဒီလိုဖြစ်သွားရတဲ့ဘဝကနေ
လွတ်ချင်လည်းလွတ်၊ မလွတ်လို့သေ လည်း ကောင်းသေးတာပဲဆိုပြီး ပိတ်လှောင်ခံရတဲ့
တိုက်အမြင့်ကြီးတွေပေါ်ကနေ ကိုယ့်အင်္ကျီလေးတွေကို ကြိုးအဖြစ်
တစ်ခုနဲ့တစ်ခုချည်ပြီး ဟီးလေးခိုဆင်းကာ စွန့်စားထွက်ပြေးကြရတယ်။
အခုလိုပြောနိုင်တာက ပါတ်ဝန်းကျင်ကနေ ကိုယ်တွေ့ကြုံလာတဲ့
သူတွေဆီကနေကြုံရသလောက်၊ ကြားရသလောက်လေးကို တစ်ဆင့် ပြန်ပြောပြတာဖြစ်တယ်။
အခုထက်ပိုဆိုးတဲ့ အိမ်ထဲမှာ မြန်မာနိုင်ငံသားတွေဖြစ်တဲ့ မွန်အမျိုးသမီး
ငယ်လေးတွေ၊ ဗမာအမျိုးသမီးငယ်လေးတွေ၊ ကရင်အမျိုးသမီးငယ်လေးတွေဟာ အဝတ်မပေးပဲ
စိတ်ကြွဆေးတွေတိုက် သူတို့အကြိုက် အရုပ်လိုလူပေါင်းများစွာ တစ်ယောက်တက်ဆင်း
ရက်ရက်စက်စက် ကာမလုယက်ကြတာကို မျက်ရည်စက်လက်နဲ့ ဘဝတွေပါပျက်ပြီး
ခံစားနေရရှာတယ်။ တချို့ကျတော့ ငါးဖမ်းလှေတွေပေါ်ရောင်းစားခံ ရတယ်။
သူတို့စိတ် ကြိုက်ပျော်လို့အားရသွားတဲ့အခါ အစားအသောက်ဆက်ပြီး
မကျွေးချင်တော့ရင် သေနတ်လေးနဲ့ အသာပစ်သတ်ပြီး ပင်လယ်ထဲ ကန်ချ လိုက်တော့တယ်။
မြန်မာနိုင်ငံသား ကလေးသူငယ်တွေ၊ လူငယ်လေးတွေ၊ လူကြီးတွေကို လိုအပ်တဲ့
ခန္ဓာကိုယ် အစိတ်အပိုင်းတွေထုတ်ပြီး အစားထိုးကုသမှုအတွက်ရောင်းစာြး ကတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ လူနဲ့ရောတူသေးရဲ့လား၊
တိရစ္ဆာန်သာသာလောက်လေးတောင် ရှိသေးရဲ့လားဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးရင်း
အလေးအနက်တွေးမိတယ်။ အခုလိုဖြစ်ရတာတွေကို အလွယ်စဉ်းစားရင် လူပွဲစားတွေရဲ့
လူကုန်ကူးမှုကြောင့်လို့ လွှဲချစရာအချက်ကောင်းကြီးတစ်ချက် ဖြစ်နေမယ်။
ဒါပေမယ့် ဘာ့ကြောင့် လူပွဲစားတွေ စည်းရုံးဆွဲဆောင်လို့ရတာလဲ၊ ဘာ့ကြောင့်
သူတို့ကရော လူမဆန်တဲ့ လူပွဲစားအဖြစ် လုပ်စားနေကြ ရတာလဲဆိုတာကို
စဉ်းစားသင့်တယ်။ ဘယ်လိုပဲဖြစ်ြ ဖစ် ကျွန်တော်တို့နိုင်ငံသား
အလုပ်သမားတွေဟာ ကိုယ့်နိုင်ငံမှာ မိသားစုနဲ့ရင်အုပ်မကွာ လုပ်ကိုင်
စားသောက်ဖို့အတွက် ကျတော့လည်း ခက်ခဲစွာ တိုက်ပွဲဝင် နေရကြောင်း
လှိုင်သာယာအလုပ်သမားထုကြီးက ထင်ထင်ရှားရှားသက်သေပြနေတယ်။ သူများနိုင်ငံမှာ
အသက်ရှူပေါက်လေးချောင်မလားလို့ အရဲစွန့်ပြန်တော့လည်း ကျွန်လို၊ တိရစ္ဆာန်လို
လူသားအချင်းချင်း မစာမနာ နှိပ်စက်ခံနေကြရတယ်။ ဘဝတွေ တန်ဖိုးမဲ့သွားရတယ်။
ပျက်စီးသွားရတယ်။ ကြွေလွင့်သွားရတယ် ဆိုတာကို မဟာချိုင်ပုစွန်စက်ရုံက
ရွှေ့ပြောင်းအလုပ်သမားတစ်ရာကျော် ကြီးက အမြင်တွေ မဝေဝါး သွားနိုင် အောင်
ငြင်းဆန်ခွင့်မရှိအောင် သက်သေပြနေတယ်။ အဲဒီတော့ ကျွန်တော်ပြောခဲ့ပါရောဗျာ။
မြန်မာနိုင်ငံသား အလုပ်သမားတွေရဲ့ဘဝဟာ အသွားရောအပြန်ရောစားတဲ့
ငါးမန်းစွယ်လွှသွားအောက်မှာ ရောက်နေတဲ့ သစ်ကိုင်းခြောက်တွေလိုပဲ ဘယ်ဘက်ကမှ
မသက်သာဘဲ ဘဝတွေအတိုက်စားခံနေရတယ်။”
ဟု ပြောကာ သူ့မျက်ဝန်းတွင် မျက်ရည်ဥများ တွဲခိုနေပါတော့သည်။
သူ၏စကားအဆုံးတွင် ကျွန်တော်သက်ပြင်းရှည်ကြီးတစ်ခု ပင်ပန်းစွာ
မှုတ်ထုတ်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ယခုလို
ငါးမန်းစွယ်လွှသွားအောက်ရောက် ရတယ်ဆိုရင် “ငါးမန်းစွယ်လွှ”လို အသွားရော အပြန်ရောစားတဲ့လူသားချင်း မစာနာပဲ တာဝန်မဲ့စွာ ကိုယ့်ကိုယ်ကျိုးတစ်ခုတည်းကြည့် သော သူတွေ “ငါးမန်းစွယ်လိုလူ”တွေ အများကြီးရှိနေတာကြောင့်ပဲဟု တွေးမိကာ ရင်ထဲမွန်းကြပ်စွာခံစားမိ သွားသောကြောင့်ပါတည်း။
မောင်ပြည်သိမ်း
ခေတ်လူများ၏မှတ်စုဂျာနယ်အမှတ်( ၇)၊ ထွေလီကာလီစကားဝိုင်းကဏ္ဍမှ
အဲလိုအသံတွေဟာ ရိုးသားနွမ်းပါးပြီး ဘဝကိုမလိုအပ်ပဲ ခက်ခက်ခဲခဲ
ရုန်းကန်နေကြရတဲ့ ခံစားမှုတွေထဲက ထွက်လာတဲ့အသံဖြစ်တာကြောင့်
အမြှောက်ကြီးဖောက်လိုက်သလိုပဲ ဟီးထသွားတယ်
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/29/2012 01:17:00 PM
No comments:
Post a Comment