ဖွံ့ဖြိုးပြီးနိုင်ငံသားတစ်ယော က် နဲ့တွေ့ဖူးတယ် ။ သြစီနိုင်ငံသားတစ်ယောက်ပဲ ဆိုကြပါစို့ ။
သူကဘာပြောလဲဆိုတော့ မင်းတို့မြန်မာနိုင်ငံမှာ ငါမကြားဖူးတာတွေအများကြီးကြား ရတယ် ။
ငါမကြုံဖူးတာတွေအများကြီး ကြုံဖူးရတယ်တဲ့ ။ နေရထိုင်ရတာလည်းကောင်းပါတယ် ၊ လူတွေကလည်း
သဘောထားကောင်းကြတယ် . . . တခုပဲဆိုးတယ်တဲ့ ။ မင်းတို့နိုင်ငံသားတွေက နိုင်ငံသားတစ်ယောက်
ရဲ့အခွင့်အရေးကို မရကြဘူးတဲ့ ၊ ဒီ့ထက်ဆိုးတာက နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်ကိုတောင် ဘာမှန်း
မသိတဲ့လူတွေများတယ်တဲ့ ။ ဒီတော့မှ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးအကြောင်းကို အနုလုံပဋိလုံ
အသေအချာတွေးမိတော့တယ် ။
နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသားတွေအများကြီးနေကြတယ် ။ နေထိုင်တဲ့လူတွေအကုန်လုံးဟာ အဲ့ဒီနိုင်ငံရဲ့ နာမည် အရိပ်အာဝါသ အောက်မှာ ခိုကြရတယ် ။ နိုင်ငံသားတစ်ယောက်ပေးရမဲ့ အခွန်အကောက် မှန်သမျှကိုလည်း အစိုးရ က သတ်မှတ်ထားတဲ့အတိုင်းပေးကြရတယ် ။ နိုင်ငံသားတွေဟာ
နိုင်ငံအတွက်အရေးကြုံလာရင် ဘာမဆိုပေးဆပ်ကြရတယ် ။ စစ်ဖြစ်တာကအစ
စစ်စရိတ်ကောက်ရင် ပေးရတယ် ၊ စစ်သားစုဆောင်းရင် စစ်တပ်ထဲ ၀င်ကြရတယ် ။အစိုးရက
နိုင်ငံသားတွေကို အစိုးရက ခန့်အပ်ထားတဲ့ အစိုးရ၀န်ထမ်းတွေနဲ့ အုပ်ချုပ်တယ်
။ အုပ်ချုပ်ရေးအမျိုးအစားဘယ်လိုကွဲပြားပစေ ၊ ဆိုလိုရင်းက ဒါပဲ ဖြစ်တယ် ။
ဒီတော့ အစိုးရဆိုတာ အုပ်ချုပ်ရုံ ၊ အခွင့်ထူးခံရုံ သက်သက်ပဲလား ။ မဟုတ်ပါဘူး ၊ အစိုးရဆိုတာ နိုင်ငံသားတွေ ပြည်သူတွေ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရတယ် ။ ကျန်းမာရေး ၊ ပညာရေး ၊ လူမူ့ရေး ၊ ဘာသာသာသနာရေးတွေက အစ အစိုးရက ဖြည့်ဆည်းပေးရမဲ့တာဝန်ရှိတယ် ။ လူထုဆီက ကောက်ထားတဲ့ ရေခွန်မီးခွန် ၊ မြေခွန် . . . စီးပွားရေးလုပ်ငန်းတွေဆီက ကောက်ခံ ရရှိတဲ့အခွန်တွေ ၊ အိပ်စ်ပို့ အင်ပို့ခွန်တွေ ၊ရေနံ သဘာဝဓါတ်ငွေ့ ၊ ကျောက်သံပတ္တမြား စသည် စသည်ဖြင့် နိုင်ငံတ၀န်းက ရရှိတဲ့ နိုင်ငံပိုင်ငွေတွေနဲ့ပဲ နိုင်ငံရဲ့ လိုအပ်ချက် ၊ နိုင်ငံသားတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရတာပါ ၊ အစိုးရအိပ်ထဲက တပြားတချပ်မှ စိုက်ထုတ်ပြီး နိုင်ငံသားတွေဖို့ လုပ်ပေးစရာလိုတာမဟုတ်ပါဘူး ။
ကဲ . . .။ ဟုတ်ပြီ ။ နိုင်ငံမှာ ဆက်သွယ်ရေးလိုအပ်ချက်တွေရှိေ နတယ် ၊ ဥပမာ ငါးထောင်တန်ဖုန်းကိုနိုင်ငံသားတွေက တကယ်လိုအပ်နေပါပြီဆိုပြီး နေရာစုံမှာတောင်းဆိုနေကြတယ် ။ နိုင်ငံသားတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးရမဲ့အစိုးရ က အခုထိ ဘာမှ မလုပ်ပေးနိုင်သေးဘူး ၊ လုပ်ပေးနိုင်တဲ့လူ ရှိတယ်ဆိုရင်လည်းလုပ်ခွင့်မပေးဘူး ။ ဒီ့ထက်ဆိုးတာက အစိုးရက ခန့်အပ်ထားတဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကိုယ်တိုင် က ဒီကိစ္စကိုချယ်လှယ်နေတယ် ။ ဒီငါးထောင်တန်ဖုန်းပေါ်လာမှာကိုေ ကြာက်နေတယ် ။ သူတို့ရဲ့ ငါးနှစ်စီမံကိန်းကြီး ပျက်သွားမှာစိုးနေတယ် ။ ဒီတော့ မေးစရာရှိလာပါတယ် ။ နိုင်ငံသားတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ အစိုးရလုပ်နေပါတယ်ဆိုတဲ့ . . . အစိုးရတဖွဲ့လုံး လူထုရဲ့ လိုအပ်ချက်ကို ဘာကြောင့် မျက်ကွယ်ပြုနေကြပါသလဲ . . . ? ။
နိုင်ငံမှာ လမ်းတံတား လိုအပ်ချက်တွေရှိနေတယ် ။ ကချင်ပြည်နယ်တို့ ၊ ရှမ်းပြည်နယ်တို့မှာ စစ်ဖြစ်နေလို့ မပြုပြင်နိုင်ဘူးထားပါလေ ။ တနင်္သာရီ ဆင်းတဲ့ဘက် မှာ ၊ ကရင်ပြည်ဘက် မှာ ၊ ရခိုင်ပြည်မှာဆို တပြည်နယ်လုံးနီးပါး ရိုးမတောင် တက်တဲ့လမ်းဆို ကားကိုလူက ပြန်ပြီးကြိုးနဲ့ဆွဲတင်ရတဲ့အေ နအထား ၊ ရန်ကုန်မြို့မှာဆို မြို့သစ်ဘက်တွေမှာ ဆိုးဆိုးဝါးဝါး ၊ မိုးရာသီဆို ကားတောင်သွားလို့မရတဲ့ လမ်းမတွေ ၊ ရေလျှံတဲ့လမ်းမတွေ ၊ အများကြီးမှ အများကြီး ။ အခု ပြင်တော့ပြင်ပါရဲ့ ဟိုကွက်ကြား ၊ ဒီကွက်ကြား ။ လာသေးတယ် ၊ အင်္ဂတေလမ်းတွေ ။
မကောင်းမြင်ဝါဒနဲ့ ပြောတာတော့မဟုတ်ဘူး ၊ တကမ္ဘာလုံးမှာ အင်္ဂတေနဲ့ခင်းတဲ့ အဝေးပြေး လမ်းမကြီးတွေရှိတယ်ဆိုတာ ကြားတောင်မကြားဖူးဘူး ။ ဒီလမ်းတွေရဲ့ လုံခြုံရေးကိုအာမခံနိုင်လား ၊ တာရှည်ခံနိုင်မူ့ကို အာမခံနိုင်လား ။ အခု ကျနော်တို့နိုင်ငံတိုးတက်ဖို့ဆိုရင် လမ်းတွေပြင်ဖို့လိုနေပြီ ၊ အသစ်ခင်းဖို့လိုနေပြီ ။ အစိုးရက လူထုရဲ့ လိုအပ်ချက်ကို ဘာကြောင့် မဖြည့်ဆီးနိုင်တာလဲ . . . ? ။
အခုလောလောလတ်လတ် ပြသနာဖြစ်နေတဲ့ လျှပ်စစ်မီးကိစ္စ ။ တနိုင်ငံလုံးမှာ မီးပျက်နေတယ် ။ နေပြည်တော်ရဲ့ အချက်အချာနေရာတွေက လွဲလို့ ။ လူထုက လျှပ်စစ်မီးကို အင်မတန်လိုအပ်နေတဲ့အချိန် ၊ အစိုးရက လျှပ်စစ်လိုအပ်ချက်ကိုမဖြည့်ဆည်းနို င်ဘူး ။ ကေအိုင်အိုက တာဝါတိုင်ကို ဗုံးခွဲတာကိုလက်ညိုးထိုးချင်ထိုးလို့ရပါတယ် ။ ဒါပေမယ့် ကေအိုင်အို ဗုံးမခွဲခင်ကတည်းက လျှပ်စစ်မီးက မမှန်တာပါ ။ တနိုင်ငံလုံးရဲ့လိုအပ်ချက်ကိုမဖြည့်ဆည်းနိုင်တာ ကြာပါပြီ ။ တနိုင်ငံလုံးဆိုတော့ အင်မတန်ကြီးကျယ်သွားဦးမယ် ။ အညာရဲ့ ကျေးလက်ဒေသတွေ ၊ ဧရာဝတီတိုင်းက ကျေးရွာတွေ ၊ ရန်ကုန်ရဲ့ ကျူးကျော်ရပ်ကွက်တွေ ၊ ဘိတ် ၊ ထားဝယ်ဘက်တွေ ၊
ရခိုင်ပြည်နယ် တပြည်နယ်လုံးနီးပါး ၊ ကယား ပြည်နယ် စတဲ့ စတဲ့ ဒေသတွေကို အစိုးရရဲ့ လျှပ်စစ်သွယ်တန်းမူ့ ရောက်တောင် မရောက်သေးဘူး ။ လျှပ်စစ်ဝန်ကြီးရဲ့ ပိုနေတဲ့လျှပ်စစ်တွေကို နိုင်ငံခြားရောင်းတယ်လို့ပြောသံကြားတောင် ကျနော် နဝေတိမ်တောင် ဖြစ်သွားတယ် ။ ဘယ်နှယ့်တုန်းဟ ဆိုပြီး ယောင်တောင်တောင်ဖြစ်သွားရတယ် ။ ထားတော့ ၊ ထားတော့ ၊ မကြားဖူးတာကြားဖူးတယ်လို့ပဲ သတ်မှတ်ရတယ် ။ အခုဆို မုံရွာမန္တလေးမှာ လျှပ်စစ်မီးပုံမှန်ရဖို့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နြေ ကတယ် ။ အဲ့ဒါကိစ္စအတွက်နဲ့ စာရေးဆရာညီပုလေးနဲ့ ခေါင်းဆောင် ဆယ်ယောက်ကျော်ကို ဖမ်းဆီးထားတယ်လို့ပြောတယ် ။ ဒါပြည်သူတွေကနိုင်ငံသားအခွင့်အရေးရဖို့တောင်းဆိုကြတာပဲ ၊ တောင်းဆိုခွင့်မရှိဘူးလား ၊ ဘာကြောင့်ဖမ်းရတာလဲ ။ အစိုးရအဖွဲ့ကရော ဒီလိုဖမ်းဆီးတာကိုသိလား ၊ တကယ်လို့ သိခဲ့ရင် ဒီမိုကရေစီ နိုင်ငံကြီးပါဆို . . . ဘာကြောင့်များဖမ်းရတာလဲလို့ နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အေ ရးအရ သိချင်တယ် ။
ပြည်သူတွေက အရင်လို မထူကြတော့ဘူး ၊ နိုင်ငံသားတွေက အရင်လို နုံ့အမနေတော့ဘူး ။ နိုင်ငံသားတွေရဲ့အခွင့်အရေးကိုသိလာပြီ ။ မီတာ မှန်မှန်ဆောင်နေရင်တော့ မီးမှန်မှန်လာပေးဖို့ အစိုးရမှာ တာဝန်ရှိတယ် ။အခက်အခဲတွေကို ပြည်သူကိုလာမချပြပါနဲ့ ၊ အစိုးရအဖွဲ့ထဲကိုပဲ ချပြပြီး အကောင်းဆုံးလုပ်ပေးရမှာပဲ ။အိမ်နီးချင်းနိုင်ငံတွေမှာ မီးမှန်မှန်မလာလို့ ဆန္ဒပြရတယ်ဆိုတာ ကြားဖူးလား ။ သူများအစိုးရက လုပ်ပေးနိုင်ပြီး ကိုယ့်အစိုးရမလုပ်ပေးနိုင်ရင် သိက္ခာကျလှတယ် ။ မြန်မာဆိုတာ ဖွတ်ကြားနိုင်ငံ ဆိုတာ ကမ္ဘာက သိသထက်သိကုန်ကြတော့မှာပဲ ။ ကိုညီပုလေးနဲ့ လျှပ်စစ်ရရှိရေးနိုးဆော်သူတွေကို ပြန်လွတ်ပေးသင့်တယ် ။ မလွတ်ပေးရင်တော့ အရင်နဲ့ ဘာမှ မထူးဘူးဆိုတာ သက်သေပြလိုက်သလိုပါပဲ ။
အခုဆို ရန်ကုန်ကိုပါ လျှပ်စစ်ရရှိရေး ဆန္ဒထုတ်ဖော်ပွဲတွေက ကူးလာပြီ ။ ဒီတော့ အစိုးရကို တောင်းဆိုချင်တယ် ။လျှပ်စစ်မီးကနေ ၊ လောင်တဲ့မီး မဖြစ်စေချင်ရင်တော့ . . . တနိုင်ငံလုံးကို မကြာခင် အချိန်ပြည့်မဟုတ်ရင်တောင်နာရီအများစုပေးနိုင်အောင် အမြန်ဆုံးဆောင်ရွက်ပေးသင့်တယ် ။ နိုင်ငံသားတွေကတော့ နိုင်ငံသားအခွင့်အရေးကို နားလည်လာတာနဲ့အမျှ တခုပြီး တခု တောင်းဆိုကြတော့မှာ ဧကန်မလွဲပါပဲ ။
--
No comments:
Post a Comment