Thursday, May 3, 2012

အခမဲ့ ပညာရေးနှင့် ကျွန်မ အတွေး . . . . . . . . . . . . . . . . . . မှားနေလား ?

``အမေ ဒီနှစ်ဆို သားကို ကျောင်းပြန်ထားမှာသေချာတယ်နော်´´
အသံလေးကြားလို့ လှည့်ကြည့်မိတော့ ကျွန်မအခု ငှားနေတဲ့ တိုက်ရဲ့ မြေညီထပ်မှာ ဖွင့်ထားတဲ့ လက်ဖက် ရည်ဆိုင်က ၀န်ထမ်းကောင်လေးပါ။ ရွာက သူ့အမေလာတော့ သူ့အမေနဲ့ တွေ့တဲ့ အချိန် မှာပြောနေတာလေး ကို ကျွန်မ ကြားမိလိုက်တာပါ။ ကလေးကိုတော့သိနေတာကြာပါပြီ။ ကလေးရဲ့ အမေကတော့ သူသားလေးကို လာတွေ့တာလို့တော့ သိရပါတယ်။ လွန်ခဲ့တဲ့ တစ်လလောက်ဆီက မနက် အလုပ်ကိုလာရင်း လမ်း မှာ တွေ့မိတာလေးပါ။
                 အဲဒါကိုတွေ့လိုက်တော့ စိတ်ထဲ မှာ တွေးမိသွားတယ်။ အခမဲ့ ပညာရေးဆိုတာကိုပါ။ကျွန်မ မိသားစုလိုခင်တဲ့ ဦးလေးတစ်ယောက်ရှိတယ်။ သူ့မိသားစုက တတိယနိုင်ငံလို့ပြောလို့ ရတဲ့  နိုင်ငံမှာအခုတော့   ရောက်ရှိနေပါတယ်။ သူ့မှာ သားတစ်ယောက်၊ သမီးတစ်ယောက်ရှိပါတယ်။ ကလေးနှစ်ယောက်လုံးက အခြေခံ ပညာ မူလတန်း ကလေးတွေလို့ ပြောရမှာပေါ့။
      ကလေးတွေက အခု အချိန်မှာတော့သူတို့ ရောက်ရှိနေတဲ့ နိုင်ငံရဲ့ ပညာရေးစနစ်အရ အခမဲ့ ကျောင်းတက်ခွင့်ရကြပါတယ်။ သူတို့ ဆီက အခမဲ့ ဆိုတာ တစ်ကယ်ကို ထူးခြားတာပဲ။ ကျွန်မမကြားဖူး တဲ့ အကြောင်းအရာတွေလိုပါပဲ။ အဲဒီမှာ အခြေခံကျောင်းတက်တဲ့ ကလေးတွေကိုဆို ကျွန်မတို့ နိုင်ငံမှာ လို ထမင်းဘူး ထည့်စရာ မလိုဘူး တဲ့ ။ ကျွန်မ တော်တော်အံ့သြသွားတယ်။ ကျွန်မတို့ ဆီက အခမဲ့ ပညာရေးဆိုတာ က အခုမှ စတာဆိုတော့ အင်းလေ အဲလိုတော့ ဘယ်ဖြစ်အုန်းမှာလဲ ဆိုပြီးတွေးမိပါတယ် ။
       ဘ၀င်မကျမိတာလေး ကိုတော့ တွေးမိလို့ ရေးချင်သေးတယ် ။. . . . .
မိဘ နှစ်ဦးပြောသံလေး ကြားမိတာကို ချက်ချင်းသတိရလိုက်လို့ပါ။
ပထမ မိဘက ပြောတာက
``ငါ့သားကို ဘယ်ကျောင်းမှာ အပ်ရမယ် အဲဒီကျောင်းမှာကတော့ အသိများတယ်ဆိုတော့ ငါ့သား အခန်းကောင်းကောင်း ရဖို့ သိပ်စိတ်မပူဘူး၊ ကျူရှင်ကတော့ ထားရမှာပေါ့´´။
နောက်မိဘ တစ်ဦးပြောတာကျပြန်တော့
`` ငါကတော့ ငါ့သားကို  . . . . .ကျောင်းမှာထားမယ်၊ မြို့နယ်ကျော်တာတွေ ရပ်ကွက်ကျော်တာတွေက ကြည့်ရှင်းလို့ရပါတယ်၊ အဓိကက ငါ့သား ကျောင်းကောင်းကောင်းမှာ နေရဖို့ပဲ၊ ကျူရှင်ခဆိုတာကတော့ ရှိလာမှာပေါ့၊ အဲဒါမှ ငါ့သား ပညာတတ် မှာ´´ တဲ့။
          အဲဒီမှာ တင်ပဲ ကျွန်မအတွေးတွေက တော်တော်ကို  များသွားတယ်။ ကျွန်မရဲ့ သေးငယ်တဲ့ ဦးဏှောက်နဲ့ မီသလောက်တွေးကြည့်မိတာလေးပါ။ အခု ကျွန်မရေးခဲ့တဲ့ မိဘ (၃) ဦးမှာ မိဘ တစ်ဦးက ကျောင်းစရိတ် မတတ်နိုင်လို့ သားဖြစ်တဲ့ သူကို အလုပ်သွင်း ထားရတယ်။ နောက်တစ်ဦးက အဆက်အသွယ်ကို အဓိက ထားတဲ့သူ၊ နောက်တစ်ဦးက ပညာတတ်ဖို့အတွက် နေရာကောင်းကောင်း မှ ဖြစ်မယ်ဆိုတဲ့သူ။
             ကျွန်မ နားလည်ထားတာက အခမဲ့ ပညာရေးဆိုတာ ကလေးကိုကျောင်းကို ရောက်အောင် ပို့ဆောင်ပေးဖို့ကလွဲလို့ ဘာမှကို ထပ်မံ ပေးဆောင်စရာမလိုတာပါ။ အဲဒီလိုပဲ ချို့တဲ့ တဲ့ မိသားစုတွေရယ် အဲဒီ မိသားစုက ကျောင်းနေချင်တဲ့ ကလေးတွေ နားလည်ကြမယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ အရိုးစွဲလာတဲ့ ကျူရှင်ဆိုတာရယ် တစ်ချို့သော အဿပြာ ဆရာတစ်ချို့ရဲ့ လုပ်ရပ်တွေကြောင့် ကလေးတစ်ယောက်ကိုကျောင်းထားရင် အိမ်မှာ လိုငွေတွေ ပြလာမှာကို ချို့တဲ့ တဲ့ မိဘများဟာ စဉ်းစား မိကြပါတော့တယ်။ ဒီလိုနဲ့ ပဲ ကျောင်းနေအရွယ်ကလေးတွေဟာ ကျောင်းနေခွင့်ကို ဆုံးရှုံးလာတာဟာ သိပ်တော့ မထူးဆန်းလှပါဘူး။
              ထူးခြားနေတာ တစ်ခုကတော့ နှစ်စဉ်ပညာရေးစစ်တမ်းတွေမှာတော့  ကျောင်းနေခွင့်ရတဲ့  ဦးရေဟာ တစ်နှစ်ထက်တစ်နှစ်တိုးလာပါတယ်။ အဲဒီလိုပဲ နှစ်စဉ်ကျောင်းထွက်သွားရတဲ့ မူလတန်းလွန် ကလေးတွေဟာလည်း တစ်နှစ်ထက်တစ်နှစ် တိုးလာတာကို မြင်တွေ့နေရပါတယ်။ ဒါကတော့ ပြင်ပမှာ တွေ့မြင်နေရတဲ့ ကလေးလုပ်သားတွေ တဖြည်းဖြည်းတိုးလာတာကို ကြည့်ခြင်းအားဖြင့် သိရှိရတာပါ။ တိကျသေချာတဲ့ စစ်တမ်းတွေကောက်ကြည့်မယ်ဆိုရင်တော့ ညီမျှခြင်းအချိုးများဟာ မညီမျှခြင်းများဖြစ်လာနိုင်တယ်လို့ တွေးမိပါတယ်။
              ကလေးတိုင်း ပညာရေးတစ်ပိုင်းတစ်စဖြင့် လုပ်ငန်းခွင်သို့ ၀င်ရောက်ရခြင်းမှ ကင်းဝေးပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း . . . . . . . . . . . . .  .


အညတရ
02-04.05.2012

               
             




No comments:

Post a Comment