Monday, May 14, 2012

တန်ဖိုး နှင့် ကျွန်မ ၁

              ``ညီမရေ ဘာယူဦးမှာလဲ´´
           ဈေးသည် အစ်မကြီး၏ အမေးကို မဖြေဖြစ်သေးဘဲ ဘေးနားရှိ ဈေးဝယ်နေသော အန်တီကြီးကို သာ ငေး၍တွေးနေသော ကျွန်မကို အတူနေသူ ညောင်လေးပင်သူ ညီမငယ်မှ လက်တို့တော့မှ သတိပြန်ဝင်လာကာ ဘာမှ ထပ်မယူတော့ကြောင်းပြော၍ ဈေးထဲမှ အတွေးများ တစ်ပုံတစ်ပင်နှင့် အိမ်သို့  ပြန်ရောက်လာပါတော့သည်။ အိမ်ရောက်လာတော့ ညီမငယ်မှ ``အစ်မဈေးထဲမှာ ဘာဖြစ် သွားတာလဲ´´ ဟု သတိတရ ပြန်မေးလေရာ ကျွန်မ၏ အတွေးများကို ပြန်ပြောပြဖြစ်လေတော့သည်။
             ကျွန်မ ငယ်ငယ်တုန်းက အမေ ( ကျွန်မတို့ တိုင်းရင်းသားတွေက မိခင်တွေကို အမေ ဟု ခေါ်လေ့ရှိသည်။ ရန်ကုန်မှာတော့ မေမေလို့ ခေါ်တာကို အကြားများသည်။ )ပြောဖူးတာကို မှတ်မှတ်ရရရှိနေတာ တစ်ခုပေါ့ ။ အဲဒီတုန်းက အမေနဲ့ ဈေးလိုက်သွားတုန်းက အမေဟာ ဈေးကို ဟိုဘက်ဒီဘက် အရင်လျှောက်ကြည့်၊ မေးကြည့်ပြီးမှ ဈေးဝယ်တတ်ပါတယ်။
ကျွန်မတို့ အိမ်ကနေ့တိုင်း ဈေးဝယ်  မထွက်ဖြစ်ပါဘူး ။  ဈေးဝယ်တဲ့ အချိန်မှာ အဲလို ဈေးကို အရင်ကြည့်တတ်တာကို ကျွန်မက တစ်နေ့ တော့ မေးမိပါတယ်။ အဲဒီတုန်းက ကျွန်မအသက် က (၅) နှစ်ကျော် (၆)နှစ်ထဲ ၀င်ကာစပေါ့။
              ``အမေ၊ ဈေးရောက်ရင် အမေက ဘာလို့ ဟိုဘက်ဒီဘက်ကို အရင်လျှောက်တာလဲ ဟင်´´ လို့။
အဲဒီတော့အမေက ဘယ်လိုဖြေလဲဆိုတော့ . . . .
``သမီးတို့ မောင်နှမတွေအတွက် ဒီ နှစ်ရက် သုံးရက်အတွင်း ဘယ်လို  အစားအစာတွေက သင့်တော်မလဲ ဆိုတာရယ် အမေယူခဲ့တဲ့ ပိုက်ဆံနဲ့ လောက်မလောက်ရယ်ကို ချိန်ရတာပေါ့ သမီးရယ်´´ တဲ့ ။
          အဲဒီတုန်းက ကျွန်မ တွေးဖြစ်ခဲ့တဲ့ အတွေးကတော့
`` အော် . . . ငါ့ အမေဟာ ငါတို့ကို တော်တော်ကို ချစ်ရှာသာပဲ´´ ဆိုတဲ့ အတွေးတစ်ခုပဲ ဖြစ်ခဲ့တယ်။
         ကျောင်းတက်တော့ နှစ်တန်းနှစ်မှာ အတူတူကျောင်းတက်ခဲ့တဲ့သူငယ်ချင်း က ကျွန်မကိုမေးခဲ့ တယ်။ ``ဘာလို့ ထမင်းဘူး မယူတာလဲ´´ တဲ့။ အဲဒီတုန်းက ကျွန်မ ပြန်ဖြေခဲ့တာက `` ငါတို့ အမေက ငါတို့ကို မနက်ဆိုရင် ထမင်းကို အာဟာရ ပြည့်အောင် ချက်ကျွေးခဲ့တယ်၊ ငါတို့ကလည်း ဗိုက်ကားအောင် စားခဲ့   တော့ နေ့လည်စာဆိုတာ ယူဖို့ လိုလို့လား´´ လို့ ။
             ကျွန်မ သူငယ်ချင်းက အထူးအဆန်းလို ပြောခဲ့တဲ့ သူ့ရဲ့စကားက အဲဒီမှာ တင် ပြီးသွားတာ မဟုတ်ပါဘူး။ နောက်တစ်နေ့ ကျောင်းကနေ ပြန်ရောက်ပြီး မိသားစု ထမင်းဝိုင်းမှာ အမေက  ကျွန်မကို ``သမီး ကျောင်းကို ထမင်းဘူး ယူချင်လား´´ တဲ့။ ကျွန်မက မယူချင်ဘူးလို့ ပြောခဲ့ပါတယ်။ အဲဒီတော့ အမေက
``သမီးရယ် အမေနဲ့ အဖေတို့က သမီးယူချင်တယ်ဆို လုပ်ပေးမှာပေါ့´´လို့ ပြောတော့ ကျွန်မက ``ဟုတ်ကဲ့´´ လို့ပဲ ဖြေခဲ့ပါတယ်။ အဲဒီတုန်းက အဖေရယ်၊ အမေရယ် အစ်ကိုနဲ့ အစ်မရော အားလုံးရဲ့ မျက်လုံးတွေက ကျွန်မ ဘာဖြေမယ်ဆိုတာကို သိချင်နေတဲ့ ပုံပါပဲ။ ကျွန်မ အဖြေကို ကြားပြီး သူတို့ ဘာတွေတွေးဖြစ်သွားတယ် ဆိုတာကိုတော့ အဲဒီနေ့ က မသိခဲ့ပါဘူး။ အစ်ကိုနဲ့ ကျွန်မအစ်မက ကျွန်မထက် အသက်ကြီးပြီး အကြောင်းအရာ တစ်ချို့ကို သိထားတာ့ သူတို့ တွေက နားလည်တယ်။
            ကျွန်မကလည်း ဘာရယ်မဟုတ် ကျောင်းရောက်တော့ သူငယ်ချင်းကိုပြောဖြစ်တာပေါ့။ ငါတို့ အမေက မနေ့က ဘာထူးဆန်းတာလဲ မသိဘူးလို့ ဆိုပြီးပေါ့။ နောက်တစ်နေ့ကျတော့ အမေက ကျွန်မကို ထမင်းဘူးထည့်ပေးရှာပါတယ် ။ ကျွန်မ မတောင်းဆိုပေမယ့်လို့ပေါ့။ ကျွန်မကတော့ ထူးဆန်းနေတာပေါ့။ ဒါပေမယ့် အဲဒီထမင်းဘူးလေးကို ကျောင်းကိုယူသွားပြီး သူငယ်ချင်းနဲ့ အတူ ထမင်းစားဖြစ်ပါတယ်။ အဲဒီနေ့ က ထူးထူးဆန်းဆန်း အမေက ကြက်သားကို ဘာနဲ့ မှ မရောပဲ ချက်ပြီးထည့်ပေးလိုက်တာပါ။ ထူးထူးဆန်းဆန်း မှတ်မှတ်ရရဆိုလို့ ပြောရဦးမယ်။
    ကျွန်မတို့ အိမ်မှာက အဖေရယ် အမေရယ် နှစ်ယောက်ပေါင်းရဲ့ လစာနဲ့ တစ်မိသားစုလုံး ကို လောက်အောင် ကျွေးရတာဆိုတော့ အသားကြီးပဲ ချက်တဲ့ နေ့ဆိုတာ ရှားပါတယ်။ ရှိတဲ့ မြေကွက်လပ် ထဲမှာ စိုက်ထား တဲ့ ခရမ်းသီးတစ်လှည့်၊ ကန်စွန်းတစ်လှည့် ၊ ချဉ်ပေါင် ဆို မရိုး၊ ဂေါ်ရခါးသီးနဲ့   ကျောက်ဖရုံသီး ဆို မမုန်း ဆိုလောက်အောင်ကို အမေက ဟင်းကို စားချင်စဖွယ်   ဖြစ်အောင် ချက်ကျွေးခဲ့တာပါ။ ဘယ်တော့မှ မရိုးတဲ့ အမေ့လက်ရာပါ။ အမေ့လက်ရာကိုမှီတာက အစ်မပါ။  ပြန်ဆက်လိုက်ဦးမယ် နဂိုအကြောင်းလေး။
              အံမယ် ကျွန်မက သိလား အဲဒီနေ့က သူငယ်ချင်းကို ပြောဖြစ်တယ် ငါ့အမေက ဒီနေ့ ထမင်းဘူး ထည့်ပေးလိုက်တယ်လို့။ သူငယ်ချင်းက ကျွန်မ ထမင်းဘူးကိုကြည့်ပြီး ကျွန်မထမင်းဘူးကိုပဲ စားချင်ပါတယ်ဆိုလို့  သူ့ထမင်းချိုင့်ကို ဒီအတိုင်းထားပြီး အတူစားဖြစ်ကြပါတယ်။ ကျွန်မက နေ့လည်ဆို စားနေကျ မရှိတော့ ငါ့အမေက ဟင်းချက်ကောင်းရဲ့သားနဲ့ ဘာလို့ အခု စားလို့ သိပ်မကောင်းတာလဲ မသိဘူးလို့ပြောတော့၊ သူငယ်ချင်းက ငါ့အိမ်က ချက်တာထက်ပိုကောင်းတယ်တဲ့။ သူပြန်ပြောတာလေ။ ကျွန်မလည်း ငါနောက်နေ့ ထမင်းဘူး မယူလာတော့ဘူး၊ ငါသယ်ရတာခက်လို့ လို့ပြောဖြစ်ခဲ့ ပါတယ်။  အိမ်ကို ပြန်ရောက်တော့ အမေ့ကို သူငယ်ချင်းက စားကောင်းတယ်လို့ ပြောကြောင်း၊ ဒါပေမယ့် နောက်နေ့ ထမင်းဘူ မယူလိုတော့ကြောင်း၊  နေ့လည် ထမင်းမစားတတ်ကြောင်းပြောတော့ ဘာကြောင့်မှန်း မသိပေမယ့်  အမေ့မျက်နှာ မကောင်းဖြစ်နေခဲ့တာကိုတော့ မှတ်မှတ်ရရရှိခဲ့ပါတယ်။
            တစ်ကယ်တော့ မိဘများက ကျွန်မတို့မောင်နှမတွေကို သူများတွေလို တန်းတူထားနိုင်အောင် ကြိုးစားခဲ့ကြပါတယ်။ အဖေနဲ့ အမေက ကျွန်မသိသလောက်တော့ တစ်ကယ့်ကို ၀န်ထမ်းကောင်းတွေပါ။ သူတို့ မှာ လစာ ထုတ်တဲ့ နေ့ဆိုရင် တစ်လတာ အတွက် ငွေကြေးတွေကို စီမံခန့်ခွဲနေတာကို ကျွန်မတို့ အမြဲမြင်နေရပါတယ်။ အဲလို စီမံတဲ့ အချိန်မှာ သူတို့ တစ်တွေ အနားမှာ ကျွန်မတို့ မောင်နှမတွေက အမြဲရှိနေတော့ အပိုဝင်ငွေ မရှိတဲ့ အမေတို့ ရဲ့ အခြေအနေကိုသိခဲ့တာပါ။
               အပိုဝင်ငွေ မရှိတဲ့ အမေဟာ ဈေးဝယ်တဲ့ အချိန်မှာ အကောင်းဆုံးအာဟာရ ဖြစ်မယ့် အစားအစာ ဖြစ်ရမယ်ဆိုတာရယ်၊ ဒီငွေလေးနဲ့ ငါတို့မိသားစု သုံးရက်လောက် စားဖို့ ဆိုရင် ဘယ်ဟာက အထားခံမလဲဆိုတာရယ် ၊ ပြီးတော့ ဈေးနှုန်းကို တွက်တတ်တာက မိသားစုဝင် အားလုံးအတွက် ဆိုတာရယ်၊ ပြီးတော့ . . . . . . .
                    သေချာတာကတော့ အမေဟာ တော်တော်ကို တော်တဲ့ သင်္ချာ ပညာရှင်ပါပဲ။  ကျွန်မဘေးမှာ ဟိုဒီလျှောက်ရင်း ဈေးဝယ်နေတဲ့ အန်တီကြီးဟာလည်း သင်္ချာပညာရှင်တစ်ဦးပါပဲ။ ဒီလိုပါပဲ ကမ္ဘာပေါ်မှာ ရှိတဲ့ အမေတွေဟာ တန်ဖိုး အကြီးဆုံးပညာရှင်တွေပါပဲလို့။
        
             တစ်ခုထပ်ရေးချင်တာက . . . . . .
   
     သူငယ်ချင်းက ကျွန်မပြောသမျှစကားတွေကို အထူးအဆန်းလို သူ့ အိမ်ကိုပြန်ပြောခဲ့တယ်။ အဲဒီစကားကို သူ့ အဒေါ်က ကျောင်းမှာ ဘာရယ်မဟုတ် အမေ့ကို  ပြန်ပြောပြတယ်တဲ့။ အဲဒါကို   ကျောင်းပိတ်ကာနီးမှ သူမက ကျွန်မကို ပြန်ပြောလို့ သိရတာပါ။ အဲဒီလို သူငယ်ချင်းက ပြန်ပြောပြတော့ ကျွန်မ သူ့ရှေ့မှာ မျက်ရည်မကျအောင် တော်တော်ကို ထိန်းလိုက်ရပါတယ်။ အော် . . . ဒီနေရာမှာ တစ်ခုပြောရ ဦးမယ်။ ကျွန်မ အမေက အဲဒီတုန်းက သူငယ်ချင်းတို့ နေတဲ့ ကျေးရွာကြီးတစ်ခုရဲ့ ရပ်ကွက် တစ်ခုက မူလတန်းကျောင်းအုပ် တစ်ယောက်ပါ။ အဲဒီကျောင်းမှာ သူ့ အဒေါ်တစ်ယောက် ကလည်း မူလတန်းပြ တာဝန်ကို ထမ်းဆောင်နေ တာပေါ့။ သူတို့ကတော့ ချမ်းသာတယ်လို့ ပြောရမှာပါ။ ဘာကြောင့်လဲဆိုတော့ ``ရှမ်း´´မှာ ဆို ``စော်ဘွား´´ ၊ ``ဗမာ´´မှာဆို ``သူဌေးကြီး´´၊ ``ကချင်´´ မှာဆို ``ဒူဝါကြီး´´ ဆိုတာလို ကျွန်မတို့ ဆီမှာ ဆိုရင် သူတို့က ``ဒူဝါ´´ တွေပေါ့။ ကျွန်မက ကချင် တစ်ပိုင်း၊ ဗမာ တစ်ပိုင်း တိုင်းရင်းသားပါ။
 
           
                   
           
                   




No comments:

Post a Comment